မိုင်းရူပ၊ မတ်လ ၃၁ ရက်၊ မန္တလေး
မန္တလေးတိုင်း အောင်မြေသာစံမြို့နယ်ရှိ Sky Villa ကွန်ဒို ပြိုကျမှုမှာ ပိတ်မိနေတဲ့ ရှမ်းမြောက် ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာကျေးရွာက တအာင်းလူမျိုးဖြစ်တဲ့ လွေးခင်လှိုင်ကို ၃ ရက်အကြာမှာ အသက်ရှင်လျက် ကယ်ထုတ်နိုင်ခဲ့တယ်လို့ သိရပါတယ်။
လွေးခင်လှိုင်ကို ဒီနေ့ မတ်လ ၃၁ ရက် မနက်ပိုင်းမှာ ကယ်ထုတ်နိုင်ခဲ့တာဖြစ်ပြီး လက်ရှိမှာ မန္တလေးမြို့ လမ်း ၃၀၊ ၆၄ လမ်း×၆၅ လမ်းမှာ ရှိနေပါတယ်။
သူမရဲ့ မိဘဖြစ်သူနဲ့ အဆက်အသွယ် မရသေးတာကြောင့် မိဘဖြစ်သူနဲ့ ဆက်သွယ်နိုင်ဖို့ အကူအညီ လိုအပ်နေပါတယ်။
Sky Villa ကွန်ဒိုမှာ တရုတ်နိုင်ငံက ကယ်ဆယ်ရေးအဖွဲ့အပါအဝင် ကယ်ဆယ်ရေး လုပ်နေသူတွေက ဆက်လက်လုပ်ဆောင်နေပြီး ဒီနေ့မနက်မှာပဲ အမျိုးသမီး ၂ ဦးကို အသက်ရှင်လျက် ကယ်ထုတ်နိုင်သလို အမျိုးသမီး ၂ ဦးရဲ့ အလောင်းကိုလည်း ရှာဖွေတွေ့ရှိထားတယ်လို့ မြန်မာနိုင်ငံ မီးသတ်ဦးစီးဌာနက ထုတ်ပြန်ပါတယ်။
မတ်လ ၂၉ ရက်မှာလည်း Sky Villa အဆောက်အဦးမှာ ငလျင် လှုပ်ခတ်မှုကြောင့် ပိတ်မိနေသူ ၄၃ ဦးကို အသက်ရှင်လျက် ကယ်ထုတ်နိုင်ခဲ့ပြီး သေဆုံးသူ ၉ ဦးရဲ့ ရုပ်အလောင်းလည်း တွေ့ရှိထားတယ်လို့ မြန်မာနိုင်ငံ မီးသတ်ဦးစီးဌာနက ပြောဆိုထားပါတယ်။
လက်ရှိ မန္တလေးမှာ ကယ်ဆယ်ရေးတွေ ဆက်လုပ်နေပေမဲ့ စက်ပစ္စည်းကိရိယာ အလုံအလောက် မရှိတာကြောင့် ကယ်ဆယ်ရေးတွေ ကြန့်ကြာနေတယ်လို့ မန္တလေးမြို့ခံ တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
“အပျက်အစီး တအားများတယ်။ လူတောင် မထုတ်နိုင်သေးဘူး။ ပစ္စည်းကိရိယာ နည်းပါးလို့ လူကယ်ဖို့ မလုံလောက်ဘူး”
လက်ရှိ မန္တလေးမြို့ရဲ့ နေရာတချို့မှာ ဖုန်းလိုင်းတွေ ပြတ်တောက်နေသလို လျှပ်စစ်မီးလည်း ပြတ်တောက်နေပါတယ်။
မတ်လ ၂၈ ရက် နေ့လယ် ၁ နာရီဝန်းကျင်မှာ မန္တလေးမြို့ အရှေ့မြောက်ဘက် ၁၂ မိုင်အကွာကို ဗဟိုပြုပြီး လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် မန္တလေးတိုင်းမှာ ထိခိုက်သေဆုံးမှု အများဆုံးဖြစ်ပြီး မတ်လ ၂၉ ရက်အထိ ထိခိုက်သေဆုံးသူရဲ့ အလောင်း ၈၀၀ ကျော်တွေ့ရှိထားသလို သေဆုံးသူဦးရေ ထပ်တိုးလာနေပါတယ်။
ငလျင်ကြောင့် တစ်နိုင်ငံလုံး အတိုင်းအတာအနေနဲ့ သေဆုံးသူ ၁,၇၀၀ ကျော်နဲ့ ဒဏ်ရာရသူ ၃,၄၀၀ ကျော် ရှိတယ်လို့ စစ်ကောင်စီက မနေ့ မတ်လ ၃၀ ရက်က ထုတ်ပြန်ထားပါတယ်။