မိုင်းရူပ၊ မတ်လ ၃၁ ရက်၊ မန္တလေး
ငလျင်ကြောင့် ပြိုကျခဲ့တဲ့ မန္တလေးမြို့က ဦးလှသိန်း ဗိမ္မာန်အတွင်းမှာ ပျောက်ဆုံးနေတဲ့ သံဃာတော်တွေကို ဆက်လက် ရှာဖွေနေပြီး ပျက်စီးနေတဲ့ အဆောက်အဦးကြားမှာလည်း အပုတ်နံ့ ထွက်နေတယ်လို့ ငလျင်လှုပ်ခတ်စဥ် ဦးလှသိန်း ဗိမ္မာန်ကနေ လွတ်မြောက်လာတဲ့ ဦးဇင်းတစ်ပါးက မိန့်ပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၂၈ ရက်က ဦးလှသိန်း ဗိမ္မာန်မှာ သံဃာတော်တွေ စာမေးပွဲ ဖြေဆိုနေစဥ် ငလျင်လှုပ်ခတ်မှု ဖြစ်ပွားခဲ့ပြီး အဆောက်အဦး ပြိုကျတာကြောင့်သံဃာတော် အပါး ၂ ရာကျော် ပျောက်ဆုံးနေတာ ဖြစ်ပါတယ်။
“မနေ့ ဒကာမက သူတို့ဦးဇင်း သွားရှာတာ။ သူသွားတဲ့အချိန် ၆ ပါး ကယ်ထုတ်နိုင်ခဲ့တယ်။ သူ့ဦးဇင်း မပါခဲ့ဘူး။ အခြေအနေ ဆိုးတယ်။ အနံ့တွေလည်း ထွက်နေပြီ” လို့ ဦးလှသိန်း ဗိမ္မာန်ကနေ လွတ်မြောက်လာတဲ့ ဦးဇင်းတစ်ပါးက ရွှေဖီမြေကို မိန့်ပါတယ်။
ဦးလှသိန်း ဗိမ္မာန်မှာ မနေ့ မတ်လ ၃၀ ရက်အထိ သံဃာတော် ၇၁ ပါးကို အသက်ရှင်လျက် ကယ်ထုတ်နိုင်ခဲ့ပြီး ၁၃ ပါးရဲ့ ရုပ်ကလာပ်ကို တွေ့ရှိထားတယ်လို့ မီးသတ်ဦးစီးဌာနရဲ့ စာရင်းအရ သိရပါတယ်။
ငလျင်လှုပ်ခတ်တဲ့ရက်ကနေ ဒီနေ့အထိ အပျက်အစီးကြားမှာ ပိတ်မိသူတွေကို ဆက်လက် ရှာဖွေပြီး ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆက်လုပ်နေကြပါတယ်။
မတ်လ ၂၈ ရက် နေ့လယ် ၁ နာရီဝန်းကျင်မှာ မန္တလေးမြို့ အရှေ့မြောက်ဘက် ၁၂ မိုင်အကွာကို ဗဟိုပြုပြီး လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် မန္တလေးတိုင်းမှာ ထိခိုက်သေဆုံးမှုများပြီး နေပြည်တော်၊ စစ်ကိုင်းတိုင်းနဲ့ ရှမ်းပြည်နယ်မှာလည်း ထိခိုက်မှု ရှိခဲ့ပါတယ်။
မန္တလေးတိုင်းမှာ ထိခိုက်သေဆုံးမှု အများဆုံးဖြစ်ပြီး မတ်လ ၂၉ ရက်အထိ ငလျင်ဒဏ်ကြောင့် ထိခိုက်သေဆုံးသူရဲ့ အလောင်း ၈၀၀ ကျော် တွေ့ရှိထားပြီး ဒီနေ့မှာလည်း သေဆုံးသူရဲ့ အလောင်းတွေကို ဆက်လက် ရှာဖွေနေပါတယ်။
မနေ့ မတ်လ ၃၀ ရက်အထိ DVB သတင်းဌာနက ရရှိထားတဲ့ စာရင်းအရ ငလျင်ဒဏ်ကြောင့် နိုင်ငံတစ်ဝန်းမှာ သေဆုံးသူ ၂ ထောင်ကျော် ရှိနေပြီး စစ်ကောင်စီတပ်ဘက်ကတော့ မတ်လ ၃၀ ရက်အထိ သေဆုံးသူ ၁,၇၀၀ ကျော်နဲ့ ဒဏ်ရာရသူ ၃,၄၀၀ ကျော် ရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။