မိုင်းရူပ၊ မတ်လ ၃၀ ရက်၊ မန္တလေး
ငလျင်ဒဏ်ကြောင့် ထိခိုက်သေဆုံးမှု များတဲ့ မန္တလေးတိုင်းမှာ ဒီနေ့ မတ်လ ၃၀ ရက် နေ့လယ် ၁ နာရီ ၃၈ မိနစ်မှာ ငလျင် လှုပ်ခတ်မှု ထပ်မံ ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီနေ့ နေ့လယ်ပိုင်း ငလျင် လှုပ်ခတ်မှုမှာ မန္တလေးကို ဗဟိုပြုပြီး ပြင်းအား ၅ ဒသမ ၁ အဆင့်ရှိ ငလျင် လှုပ်ခတ်သွားကြောင်း အမေရိကန်အခြေစိုက် ငလျင် စောင့်ကြည့်ရေးအဖွဲ့- USGS က သတင်းထုတ်ပြန်ထားပါတယ်။
“ငလျင် ထပ်လှုပ်တယ်။ ဟိုနေ့ကလောက် တော့ မကြာဘူး။ ၂ မိနစ်လောက်ပဲ ကြာတာ” လို့ မန္တလေးဒေသခံတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
မတ်လ ၂၈ ရက် နေ့လယ် ၁ နာရီဝန်းကျင်မှာ မန္တလေးမြို့ အရှေ့မြောက်ဘက် ၁၂ မိုင်အကွာကို ဗဟိုပြုပြီး လှုပ်ခတ်ခဲ့တဲ့ ငလျင်ဟာ မန္တလေးတိုင်းမှာ ထိခိုက်သေဆုံးမှု များပြီး နေပြည်တော်၊ စစ်ကိုင်းတိုင်းနဲ့ ရှမ်းတောင်မှာလည်း ထိခိုက်မှု များခဲ့ပါတယ်။
မန္တလေးတိုင်းမှာ ထိခိုက်သေဆုံးမှု အများဆုံးဖြစ်ပြီး မနေ့ မတ်လ ၂၉ ရက်အထိ ငလျင်ဒဏ်ကြောင့် ထိခိုက်သေဆုံးသူရဲ့ အလောင်း ၈၀၀ ကျော် တွေ့ရှိထားပြီး ဒီနေ့မှာလည်း သေဆုံးသူတွေရဲ့ အလောင်းတွေကို ဆက်လက် ရှာဖွေနေပါတယ်။
နိုင်ငံတစ်ဝန်းမှာ ငလျင် လှုပ်ခတ်မှုကြောင့် မတ်လ ၂၉ ရက် ညနေပိုင်းအထိ သေဆုံးသူ ၁,၆၄၄ ဦးနဲ့ ဒဏ်ရာရသူ ၃,၄၀၈ ဦး ရှိလာပြီလို့ စစ်ကောင်စီက မနေ့ညနေပိုင်းမှာ ထုတ်ပြန်ထားပါတယ်။