မိုင်းရူပ၊ မတ်လ ၃၀ ရက်၊ အောင်ပန်း
ရှမ်းတောင် ကလောမြို့နယ် အောင်ပန်းမြို့က ငလျင်ဘေးကြောင့် ဟိုတယ်အောင်ပန်းပြိုကျမှု မိသားစုလိုက် သေဆုံးသူ ၆ ဦးရဲ့အလောင်း ပြန်တွေ့ခဲ့ပြီး သေဆုံးသူ ၉ ဦးအထိ ရှိလာပြီလို့ သိရပါတယ်။
မနေ့ မတ်လ ၂၉ ရက်အထိ ကလေး ၂ ဦး၊ အမျိုးသား ၂ ဦးနဲ့ အမျိုးသမီး ၂ ဦး စုစုပေါင်း ၆ ဦးရဲ့အလောင်းကို တွေ့ရှိခဲ့ပြီး သေဆုံးသူ ၉ ဦးအထိ ရှိလာပြီလို့ ကယ်ဆယ်ရေး လုပ်ပေးနေတဲ့ လူမှုကူညီရေးအသင်း(အောင်ပန်း)ရဲ့ စာရင်းအရ သိရပါတယ်။
ဒီနေ့ မတ်လ ၃၀ ရက်အထိ ကယ်ဆယ်ရေးတွေ လုပ်ဆောင်နေပြီး အောင်ပန်းမှာ လျှပ်စစ်မီး ပြတ်တောက်နေတယ်လို့ အောင်ပန်းဒေသခံ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
“မီးက ပျက်တာ ၂ ရက်လောက် ရှိပြီ။ ကယ်ဆယ်ရေးတွေ ဆက်လုပ်နေတယ်။ အောင်ပန်းဟိုတယ်မှာပဲ အထိအခိုက် များတာ။ ကျန်တဲ့နေရာတွေမှာ အုတ်တံတိုင်းတွေ ပျက်တာလောက်ပဲ ရှိတယ်”
မတ်လ ၂၈ ရက်မှာ ဖြစ်ပွားခဲ့တဲ့ ငလျင် လှုပ်ခတ်မှုမှာ ရှမ်းတောင် အောင်ပန်းနဲ့ အင်းလေးဒေသ ညောင်ရွှေမြို့နယ်မှာ ထိခိုက်သေဆုံးမှု များပြီး အင်းလေးဒေသမှာ သေဆုံးသူ ၆၀ နီးပါးအထိ ရှိလာပြီလို့ သိရပါတယ်။
မန္တလေးမြို့ အရှေ့မြောက်ဘက် ၁၂ မိုင်အကွာကို ဗဟိုပြုပြီး လှုပ်ခတ်ခဲ့တဲ့ ငလျင်ဟာ ပြင်းအား ၇.၇ အဆင့်ရှိပြီး သေဆုံး ဒဏ်ရာရသူ ထောင်ချီ ရှိနေပြီးတော့ အထင်ကရနေရာအပါအဝင် အဆောက်အဦးအများစုလည်း ထိခိုက်ပျက်စီးခဲ့ပါတယ်။
မနေ့ မတ်လ ၂၉ ရက် ညနေပိုင်းအထိ နိုင်ငံတစ်ဝန်းမှာ ငလျင် လှုပ်ခတ်မှုကြောင့် သေဆုံးသူ ၁,၆၄၄ ဦးနဲ့ ဒဏ်ရာရသူ ၃,၄၀၈ ဦး ရှိလာပြီလို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။