ပို့လဘား၊ မတ်လ ၂၈ ရက်၊ ကွမ်းလုံ
ကိုးကန့်တပ်မတော်- MNDAA ထိန်းချုပ်ထားတဲ့ ကွမ်းလုံမြို့မှာ ကိုးကန့်တပ်သားတစ်ဦး ခြံရှင်းရာကနေ မိုင်းနင်းမိပြီး ခြေတစ်ဖက် ပြတ်သွားပါတယ်။
မတ်လ ၂၆ ရက်က ကွမ်းလုံမြို့ရှိ ဗျူဟာတပ်အတွင်း ကြံစိုက်ဖို့ ခြံရှင်းရင်း မြေမြှုပ်မိုင်း နင်းမိခဲ့တာပဲ ဖြစ်ပါတယ်။
ဖြစ်စဉ်သိရှိသူ အမျိုးသမီးတစ်ဦးက “အဲဒီမှာ တပ်ပိုင်မြေ၊ လယ်ယာမြေတွေ ရှိတာပေါ့။ MNDAA က ကိုးကန့်တပ်သားအားလုံးကို ခြုံတွေ ရှင်းခိုင်းပြီး ကြံတွေ စိုက်ခိုင်းတာ။ အခု MNDAA တပ်သားတွေက ဒီအချိန်ဆို ကြံစိုက်ရတယ်လေ။ အဲမှာ ခြံရှင်းရင်းနဲ့ အဲဒီစကစ ထောင်ထားတဲ့ မိုင်း နင်းမိတာ။ စကစ ထောင်ထားတဲ့မိုင်းတွေ အကုန်မရှင်းရသေးတာလည်း ဖြစ်နိုင်တယ်။ ဒါပေမဲ့ ဒီဘက်မှာ မြေမြှုပ်မိုင်း နင်းမိတာက ရှားတယ်။ သိပ်မကြားမိဘူး ဒီဟာနဲ့ဆို ၂ ခါလို့ ပြောရမှာပေါ့” လို့ ပြောပါတယ်။
ကွမ်းလုံမြို့ ဗျူဟာတပ်အတွင်းမှာရှိတဲ့ လယ်ကွက်တွေဟာ တပ်ပိုင်မြေအဖြစ် သတ်မှတ်ထားတာ ဖြစ်တယ်လို့ သူမက ဆက်ပြောပါတယ်။
မိုင်း နင်းမိတဲ့နေရာဟာ စစ်တပ်အာဏာမသိမ်းခင်ကတည်းက စစ်တပ် သိမ်းထားတဲ့ တပ်ပိုင်မြေတွေကို အဲဒီအနီးအနားမှာရှိတဲ့ တံတားဦးရွာ၊”ဝ”ရွာသစ် စတဲ့ကျေးရွာခံတွေနဲ့ တစ်ယောက်တစ်ဝက် ငှားရမ်းပေးတာရှိပြီး စိုက်ပျိုးရေးလုပ်ငန်း လုပ်ခဲ့တာလို့ အထက်ပါ အမျိုးသမီးက ပြောပါတယ်။
ကွမ်းလုံမြို့ကို ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၂ ရက်မှာ MNDAA နဲ့ ပူပေါင်းတပ်ဖွဲ့က တိုက်ခိုက်သိမ်းပိုက်ခဲ့တာပဲ ဖြစ်ပါတယ်။