ခိုင်လေး၊ မတ်လ ၂၈ ရက်၊ နမ့်ဆန်
တအာင်းဒေသ နမ့်ဆန်မြို့နယ် အာရမ်းကျေးရွာမှာ ဒီနေ့ လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် အထက စာသင်ကျောင်းက အခန်းတချို့ ပြိုကျပျက်စီးခဲ့တယ်လို့ ဒေသခံ အမျိုးသမီးတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
နေ့လယ် ၁၂ နာရီ ၅၂ မိနစ်က ငလျင် လှုပ်ခတ်မှုကြောင့် နှစ်ထပ်ကျောင်းဆောင်ရဲ့ အပေါ်ထပ်က မျက်နှာကြပ်နဲ့နံရံ ပြိုကျပျက်စီးခဲ့တာလို့ ဆိုပါတယ်။
”အခန်းထဲမှာက လူတော့ မရှိဘူး။ ကျမတို့က နောက်နှစ် G-12 အတွက် ကျူရှင် တက်နေတာ။ ထမင်းစာချိန်မို့လို့ ကိုယ့်အိမ်ကို ပြန်ကြတာ။ အခန်း ၃ ခန်း ပျက်စီးသွားတယ်။ ရွာက အိမ်တွေကြတော့ ပျက်စီးတာ မရှိဘူး။ ဘုန်းကြီးကျောင်းလည်း ဘာမှမဖြစ်ဘူး။ စာသင်ကျောင်းဘဲ ဖြစ်သွားတာ”
G-12 ကျောင်းသူကျောင်းသားတွေ ထမင်းစားချိန်အပြန် လမ်းတစ်ဝက်မှာတင် ငလျင်လှုပ်ခတ်ခဲ့တာပဲ ဖြစ်ပါတယ်။
”နေ့လယ်ပိုင်းလည်း ပြန်တက်ရမှာဆိုတော့ ကျမတို့က စာအုပ်တွေကို အခန်းထဲမှာဘဲ ထားခဲ့တာ။ ကျောင်းရောက်တဲ့အချိန် အဆောက်အအုံးတွေက အဲလိုဖြစ်သွားတော့ ထားခဲ့တဲ့ စာအုပ်တွေ ပြန်ယူလို့ မရတော့ဘူး”
နမ့်ဆန်မြို့ပေါ်မှာလည်း ငလျင် လှုပ်ခတ်မှု အနည်းငယ် ရှိခဲ့ပြီး နေအိမ် ထိခိုက်ပျက်စီးမှု ပြင်းထန်တာမျိုးတော့ မရှိသေးကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။
အလားတူ တအာင်းဒေသ မန်တုံမြို့နယ် ဟင်ဟောင်းရွာရှိ စေတီလည်း ငလျင်ကြောင့် ပြိုကျပျက်စီးခဲ့ပြီး သီပေါ၊ ကွတ်ခိုင်နဲ့ နမ့်ခမ်းမှာလည်း ငလျင် လှုပ်ခတ်ခဲ့ပါတယ်။
ဒီနေ့ မတ်လ ၂၈ ရက်မှာ လှုပ်ခတ်သွားတဲ့ ငလျင်ကြောင့် တိုင်းနဲ့ပြည်နယ် ၆ ခုမှာ အဆောက်အအုံ ထိခိုက်ပျက်စီးမှု များပြီး သေဆုံးသူတွေလည်း ရာနဲ့ချီ ရှိနေပါတယ်။