ခိုင်လေး၊ မတ်လ ၂၇ ရက်၊ ကျောက်ဆည်
CDM သူနာပြုဆရာမ ယဉ်မွန်အောင်ကို ရိုက်နှက်နှိပ်စက်ခဲ့တဲ့ ကျောက်ဆည်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ရင်း (၃)က တာဝန်ရှိသူတွေကို ထိရောက်စွာ အရေးယူပေးဖို့ ရှိ- Shield အမျိုးသမီးအဖွဲ့က အမျိုးသား ညီညွတ်ရေးအစိုးရ- NUG ထံ အိတ်ဖွင့်စာ ပေးပို့ကာ တိုင်ကြားခဲ့ပါတယ်။
တာဝန်ကျတဲ့ ကျောက်ဆည်ခရိုင် တပ်ရင်း(၃)ထံ CDM သူနာပြုဆရာမ ရဲဘော် ယဉ်မွန်အောင်က တပ်ရင်းမှ နုတ်ထွက်စာ တင်တဲ့ကိစ္စကြောင့် တပ်ရင်းမှ ဖမ်းဆီးရိုက်နှက်ခံရတာနဲ့ ခြောက်ပေါက်မှာ ၃ ရက်ကြာ ဒဏ်ခတ်တာ ခံရတယ်လို့ Shield အမျိုးသမီးအဖွဲ့က မတ်လ ၂၆ ရက်က NUG ထံ ပေးပို့တဲ့ တိုင်ကြားစာထဲ ထည့်သွင်းဖော်ပြထားပါတယ်။
Shield အမျိုးသမီးအဖွဲ့ ဒုဥက္ကဌ ဒေါ်မိုးသဲက “NUG အစိုးရဝန်ကြီးဌာနကို အိတ်ဖွင့်ပေးစာ ပေးပို့ထားတဲ့ကိစ္စက MOD ဝန်ကြီးဌာနက စာ လက်ခံရရှိတယ်လို့ အကြောင်းပြန်လာတာရှိတယ်။ စစ်ရေးဘက်ကို ပို့ပေးထားတယ်။ တိုင်စာကဏ္ဍကိုလည်း ပို့ပေးထားတယ်ဆိုပြီး Email ကနေ အကြောင်းပြန်လာတာ ရှိတယ်။ တပ်ရင်းကနေ နုတ်ထွက်စာ တင်တဲ့အခါမှာ နုတ်ထွက်ခွင့် မပေးဘဲနဲ့ နုတ်ထွက်စာ တင်ခြင်းအပေါ် ပြစ်ဒဏ်ပေးတဲ့ပုံစံမျိုးနဲ့ အပြစ်မရှိဘဲနဲ့ အပြစ်ပေးတာပေါ့နော်။ ကျမတို့ဆီ ကိုယ်စား လာတိုင်ကြားတာပါ။ သူအပြစ်ဒဏ်ခံနေရတဲ့အချိန်က ဘယ်သူနဲ့မှ အဆက်အသွယ် မရဘူး။ အဲကနေတဆင့် ကျမတို့က ကာယကံရှင်နဲ့ စကားပြောရတာဖြစ်တယ်” လို့ ပြောပါတယ်။
CDM ဆရာမ ယဉ်မွန်အောင်ဟာ မိုးမိတ် ပြည်သူ့ဆေးရုံမှာ တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး လွန်ခဲ့တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၇ ရက်မှာ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ကာ CDM ပြုလုပ်ပြီး အမှတ်(၁)စစ်ဒေသ အမှတ်(၅၁၅)တပ်ရင်းမှာ ဆေးတပ်ဖွဲ့ဝင်အနေနဲ့ တာဝန်ဆောင်ခဲ့ပြီးနောက် တပ်ရင်းမှူးရဲ့ ညွှန်ကြားချက်ကြောင့် ကျောက်ဆည်ခရိုင် တပ်ရင်း(၃)ကို ပြောင်းရွှေ့ကာ တာဝန်ထမ်းဆောင်ခဲ့ရတာလို့ ဖော်ပြထားပါတယ်။
မိုးမိတ် ပြည်သူ့ဆေးရုံမှ CDM ဆရာမ ယဉ်မွန်အောင်ကို တပ်ရင်းမှူးက နှိပ်စက်တဲ့ဖြစ်ရပ်က အင်မတန် ရွံရှာဖွယ်လုပ်ရပ်တစ်ခု ဖြစ်တယ်လို့ CDM အရေး လှုပ်ရှားသူတွေက ပြောဆိုထားပါတယ်။
“ကျောက်ဆည်က ခရိုင်တပ်ရင်း ၃ က တပ်ရင်းမှူး ဒေါက်တာ လုံးလုံးက ရိုက်တာဗျ။ ဆရာမက သူ့မိသားစုနဲ့အတူ နေချင်လို့ နုတ်ထွက်စာ တင်တာမဟုတ်ဘူး။ တပ်ရင်းမှူးက နှိပ်စက်လို့။ အာဏာရှင် ဆန်နေလို့ဗျ။ ဒုတပ်ရင်းမှူးနဲ့ ဆရာမက ထွက်ပြေးလာတာ။ သူတို့ကို လုံခြုံတဲ့နေရာမှာ ပို့ထားပေးတယ်ဗျ” ဆိုပြီး CDM အရေး လှုပ်ရှားသူ One Day ဆိုသူက ရွှေဖီမြေကို ပြောပါတယ်။
ဘယ်လက်နက်ကိုင် အဖွဲ့အစည်းမှာမဆို အမျိုးသမီးတွေ ပါဝင်မှု များလာတာကြောင့် ကိုယ့်တပ်ရင်းမှာရှိတဲ့ အမျိုးသမီး စစ်သည်တွေကို ကာကွယ်ပေးကြဖို့ CDM အရေး လှုပ်ရှားသူ တစ်ယောက်အနေနဲ့ တောင်းဆိုချင်တယ်လို့ သူက ဆက်ပြောပါတယ်။