ခိုင်လေး၊ မတ်လ ၂၄ ရက်၊ မုံရွာ
စစ်ကိုင်းတိုင်း မုံရွာမြို့ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ)ကို BWM နဲ့ ပူးပေါင်းမဟာမိတ်အဖွဲ့က ရှော့တိုက်ဒုံး ၃ လုံးနဲ့ ပစ်ခတ် တိုက်ခိုက်ရာ စစ်သား ၉ ဦး သေဆုံးပြီး ၁၆ ဦးဒဏ်ရာ ရခဲ့တယ်လို့ BWM က ဒီနေ့ မတ်လ ၂၄ ရက်မှာ ထုတ်ပြန်ထားပါတယ်။
မနေ့ မတ်လ ၂၃ ရက် ည ၁၀ နာရီခန့်က မုံရွာမြို့အခြေစိုက် နမခကို Brave Warriors for Myanmar- BWM နဲ့ ပူးပေါင်းမဟာမိတ် တပ်ဖွဲ့က ၁၀၇ မမ ရှော့တိုက်ဒုံး ၃ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
နမခဟာ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနဲ့ ချင်းပြည်နယ်မှာရှိတဲ့ စစ်ကောင်စီရဲ့ လက်ရုံးတပ်ဖွဲ့ကို စစ်ရေး ကွပ်ကဲမှု ပေးနေပြီး အရေးပါတဲ့ စစ်ဌာနချုပ်တစ်ခုလည်း ဖြစ်တယ်လို့ BWM မှ တာဝန်ရှိသူတစ်ဦးက ရွှေဖီမြေကိုပြောပါတယ်။
“အဲဒေသမှာရှိတဲ့ ပြည်သူတွေကို စစ်ကြောင်းထိုး သတ်ဖြတ်ခြင်း၊ အစုလိုက် အပြုံလိုက်သတ်ဖြတ်ခြင်း၊ လေယာဉ်တွေ၊ စက်တပ်လေထီးတွေနဲ့ ဗုံးကြဲ သတ်ဖြတ်ခြင်းတို့ကို ပြုလုပ်နေတဲ့ တိုင်းစစ်ဌာနချုပ် ဖြစ်တယ်။ ဒါကြောင့် ကျနော်တို့ BWM နဲ့ မဟာမိတ်အဖွဲ့က အညာဒေသ နွေဦးတော်လှန်ရေး အင်အားစုတွေရဲ့ အဓိက ရန်သူဌာနချုပ်ဖြစ်တဲ့ နမခကို ဖက်ဆစ်တော်လှန်ရေးနေ့ အကြိုလက်ဆောင် BWM Mission 32 အဖြစ် သတ်မှတ်ပြီး ပစ်ခတ်တိုက်ခိုက်ခဲ့တာ ဖြစ်တယ်”
တိုက်ခိုက်မှုအတွင်း နမခရဲ့ အုပ်ချုပ်မှုရုံး မီးလောင်ခဲ့ပြီး အရာရှိ ၁ ဦးနဲ့ တပ်ကြပ်ကြီး စာရေးအပါအဝင် စစ်သား ၆ ဦး ဒဏ်ရာ ရရှိကာ ဒဏ်ရာ ရသူထဲမှ စာရေး ၂ ဦးက ဒဏ်ရာ ပြင်းထန်ပြီး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
ရဟတ်ယာဥ် ရပ်နားထားတဲ့ ဂိုဒေါင်လည်း မီးလောင်ခဲ့ပြီး လုံခြုံရေးယူဖို့ အသင့်စောင့်တဲ့ တပ်နယ်အသီးသီးမှ အရံစစ်ကြောင်း ၁ မှ အရာရှိ ၁ ဦးနဲ့ စစ်သား ၆ ဦး သေဆုံးပြီး ၁၂ ဦး ဒဏ်ရာ ရရှိခဲ့ပါတယ်။
ဒါ့အပြင် အမှတ်(၈၁) ဆက်သွယ်ရေး အလုပ်ရုံ အတွင်းရှိ ကြီးကြပ်ကန့်သတ်ပစ္စည်းလည်း မီးလောင်ခဲ့တယ်ဆိုပြီး ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အနောက်မြောက်တိုင်း စစ်ဌာနချုပ်မှာ MI 17 စစ်ရဟတ်ယာဥ် ၂ စီး ပုံမှန် အတက်အဆင်းလုပ်လေ့ရှိပြီး တိုက်ခိုက်မှု ပြုလုပ်ခဲ့တဲ့ ညပိုင်းမှာ ရဟတ်ယာဉ် ၁ စီးသာ အတက်အဆင်း လုပ်တာကို မြင်တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။