မိုင်းပန်ပျော်၊ မတ်လ ၁၈ ရက်၊ ကွတ်ခိုင်
ရှမ်းမြောက် ကွတ်ခိုင်မြို့နယ် ကောင်းခါးကျေးရွာမှာ ဆိုင်ကယ်မှောက်မှုတစ်ခုဖြစ်ပြီး လိုက်ပါလာတဲ့ အမျိုးသမီးတစ်ဦးခြေထောက်တစ်ဖက်ကျိုးတာနဲ့ နောက်ထပ် အမျိုးသားတစ်ဦးက ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
မနေ့ မတ်လ ၁၇ ရက် ညနေပိုင်းမှာ နမ်အွမ်ဖက်ကနေ ဆိုင်ကယ်စီးလာတဲ့ လူငယ် ၂ ဦးက ကောင်းခါးရွာအရောက်မှာ ဆိုင်ကယ်မှောက်ပြီး လိုက်ပါလာတဲ့ အမျိုးသမီး ခြေထောက်ကျိုးခဲ့တာဖြစ်ပါတယ်။
ဒေသခံအမျိုးသားတစ်ဦးက “ကချင်စစ်သားတွေ ကောင်းခါးမှာ ဆိုင်ကယ်မှောက်တာ။ သူနဲ့လိုက်လာတဲ့ မိန်းမက ခြေထောက်ကျိုးတယ်။ အဲဒီစစ်သားလည်း သူခြေထောက်မှာ ထိထားတယ်”လို့ ပြောပါတယ်။
အလားတူ မနေ့က မတ်လ ၁၇ ရက် နေ့လယ်ပိုင်း ၁ နာရီဝန်းကျင်မှာ နမ့်ဖတ်ကာနဲ့ နမ့်ခမ်းကြားက ၁၃ မိုင်မှာ ကားအကြီးကို ကျော်ဖို့လုပ်နေတဲ့ ဆိုင်ကယ်တစ်စီးက ကားအောက်ရောက်သွားပြီး အမျိုးသား ၁ ဦး ပွဲချင်းပြီး သေဆုံးပြီး အမျိုးသမီး ၁ ဦးကလည်း ဒဏ်ရာရခဲ့ပါတယ်။