ရွှေဖီမြေ၊ မတ်လ ၁၅ ရက်၊ ပိုင်ကျုံ
ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ် ပိုင်ကျုံမြို့နယ်က စစ်ကောင်စီတပ်ရဲ့ ပူးလူးတူစခန်းကို ကရင်တပ်မတော်- KNU/KNLA နဲ့ ပူးပေါင်းတပ်ဖွဲ့က မနေ့ မတ်လ ၁၄ ရက်မှာ အပြီးသတ် သိမ်းပိုက်လိုက်ပါတယ်။
စခန်းသိမ်း တိုက်ပွဲအတွင်း စစ်တပ်ဘက်က ၁၂ ဦး သေဆုံးခဲ့သလို KNLA ဘက်ကလည်း ၃ ဦး ကျဆုံးခဲ့ပြီး နောက်ထပ် စစ်သား ၁၁ ဦးကတော့ ထိုင်းနိုင်ငံဘက် ထွက်ပြေးသွားတယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။
ပိုင်ကျုံမြို့နယ်အတွင်း စစ်ကောင်စီ တပ်စွဲထားတဲ့ ခြေလျင်တပ်ရင်း (ခလရ ၃၁) ပွိုင့် ၁၂၄၈ ပူးလူးတူအခြေစိုက် ခြေကုပ်စခန်းကို KNLA ရဲ့ တပ်မဟာ(၇)၊ တပ်ရင်း(၂၂)က ဦးဆောင်ပြီး ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့- KNDO နဲ့ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာပဲ ဖြစ်ပါတယ်။
တိုက်ပွဲအတွင်း KNLA ဘက်က ကျဆုံးသူအပြင် ၆ ဦးထက်မနည်း ဒဏ်ရာ ရရှိခဲ့တယ်လို့လည်း ဖော်ပြထားပါတယ်။