အိုက်ပွီး၊ မတ်လ ၁၄ ရက်၊ ကျောက်ဖြူ
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် ကြတ္တိန်ရွာကို စစ်ကောင်စီတပ်က တစ်ပတ်အတွင်း ဒရုန်းနဲ့ ဗုံး ၅ ကြိမ် ကြဲချတိုက်ခိုက်ခဲ့လို့ အရပ်သားတစ်ဦး သေဆုံးကာ ဘုန်းကြီးကျောင်းတစ်ကျောင်းအပါအဝင် နေအိမ် ၅၀ ကျော်နဲ့ စပါးကျီ မီးလောင်ပျက်စီးခဲ့ပါတယ်။
တိုက်ပွဲ ဖြစ်ပွားတာမရှိဘဲ မတ်လ ၇ ရက်မှာတစ်ကြိမ်၊ မတ်လ ၉ ရက်မှာတစ်ကြိမ်၊ မတ်လ ၁၁ ရက်မှာတစ်ကြိမ်၊ မတ်လ ၁၂ ရက်မှာတစ်ကြိမ်၊ မတ်လ ၁၃ ရက်မှာတစ်ကြိမ် စုစုပေါင်း ၅ ကြိမ်တိတိ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာပဲ ဖြစ်ပါတယ်။
မနေ့ မတ်လ ၁၃ ရက် နေ့လယ် ၁ နာရီခန့်က ကျောက်ဖြူမြို့အခြေစိုက် စစ်ကောင်စီရဲ့ ဓညဝတီရေတပ်ဌာနချုပ်က ကြတ္တိန်ရွာကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သားတစ်ဦး သေဆုံးကာ တစ်ဦး ဒဏ်ရာရရှိခဲ့ပြီး နေအိမ် ၁၀ လုံးထက်မနည်း မီးလောင်ပြာကျသွားတယ်လို့ သိရပါတယ်။
“ကျနော် ကြားတာက နေ့ခင်း ၁ နာရီလောက်မှာ ရွာကို ဒရုန်းနဲ့ဗုံးကြဲတယ်။ နေအိမ်တွေ မီးလောင်တယ်။ မီးလောင်နေတဲ့ အိမ်တွေကို ရွာသားတွေက မီးငြိမ်းကြတယ်။ နေ့ခင်း ၁ နာရီ ၄၅ မိနစ်လောက်မှာ ဒရုန်းနဲ့ ဗုံးထပ်ကြဲတယ်။ အဲမှာ မီးငြိမ်းနေကြတဲ့ အရပ်သားတွေ ထိခိုက်သေဆုံးကုန်တာပဲ ဖြစ်ပါတယ်။ ကျနော်အပါအဝင် ရွာသားတချို့ တိမ်းရှောင်တာလည်း ရှိပါတယ်” လို့ တိမ်းရှောင်နေတဲ့ ကြတ္တန်ရွာခံ အမျိုးသားတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။
ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်လို့ သေဆုံးသူဟာ အသက် ၆၁ နှစ်အရွယ် ဦးပေါက်စဆိုသူ ဖြစ်တယ်လို့ သိရပါတယ်။
အလားတူ မတ်လ ၁၂ ရက် နေ့လယ် ၁ နာရီခန့်ကလည်း ကြတ္တိန်ရွာကို ဓညဝတီရေတပ်ဌာနချုပ်က ဒရုန်းတစ်စီးနဲ့ ဗုံးသီး နှစ်လုံး ကြဲချတိုက်ခိုက်ခဲ့တာကြောင့် ရွာဘုန်းကြီးကျောင်း ပျက်စီးသွားတယ်လို့ သိရပါတယ်။
“အဲဒီနေ့က ကျနော် ရွာမှာပဲ ရှိသေးတယ်။ ဓမ္မာရုံက ပျက်စီးသွားတယ်။ ကျောင်းနံရံတွေလည်း ပျက်စီးသွားပါတယ်။ ကျောင်းနံရံမှာ ကပ်ထားတဲ့ ရောင်စုံမှန် အချပ် ၂၀ ထက်မနည်းလည်း ပျက်စီးသွားပါတယ်။ လူထိခိုက်မှုတော့ မရှိဘူးပေါ့” လို့ တိမ်းရှောင်နေတဲ့ ကြတ္တန်ရွာခံ အမျိုးသားတစ်ဦးက ဆက်ပြောပါတယ်။
ကျောက်ဖြူမြို့နယ်မှာ စစ်တပ်နဲ့ အာရက္ခတပ်တော်- AA တို့ တိုက်ပွဲ ပြင်းထန်ပေမဲ့ ကြတ္တိန်ရွာမှာတော့ ဘာတိုက်ပွဲမှမရှိဘဲ စစ်ကောင်စီတပ်က အရပ်သားတွေ နေထိုင်တဲ့ ကျေးရွာကို ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်တာလို့ ဆိုပါတယ်။
မတ်လ ၇ ရက်၊ ၉ ရက်နဲ့ ၁၁ ရက်နေ့ကလည်း ကြတ္တိန်ရွာကို စစ်တပ်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်လို့ နေအိမ် ၄၅ လုံး၊ ဆန် အတင်း ၁ သောင်းနီးပါး မီးလောင်ပျက်စီးသွားတယ်လို့ သိရပါတယ်။
ကျောက်ဖြူမြို့နယ်ထဲက တိုက်ပွဲမှာ စစ်ကောင်စီတပ်က ဒရုန်းကို အဓိက အသုံးပြုပြီး ဗုံးကြဲ တိုက်ခိုက်နေပါတယ်။