ယာရူစိင်၊ မတ်လ ၁၄ ရက်၊ မတ္တရာ
မန္တလေးတိုင်း မတ္တရာမြို့နယ်အရှေ့ခြမ်းကို စစ်ကောင်စီတပ်က လေကြောင်းနဲ့ တိုက်ခိုက်တာကြောင့် ဒေသခံ ၅ ဦး ထပ်မံ သေဆုံးပြီး ၁၀ ဦးထက်မနည်း ဒဏ်ရာ ရရှိခဲ့ပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၁၁ ရက်မှာ မတ္တရာမြို့နယ် ဝသုန္ဒကျေးရွာမှာရှိတဲ့ နေအိမ်တစ်အိမ်ပေါ် ဗုံးကျတာကြောင့် ၁၀ နှစ်အရွယ်ကလေးအပါအဝင် ၅ ဦး သေဆုံးပြီး ၁၀ ဦးထက်မနည်း ဒဏ်ရာ ရရှိခဲ့တယ်လို့ မြေပြင်အခြေအနေ သိရှိသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
“အိမ်တစ်အိမ်မှာ တည့်တည့် ကျတာပေါ့။ သေဆုံးသွားတဲ့သူတွေက မိသားစုဝင်တွေပဲ သေတာ။ စစ်တပ်က ဗုံးကို ညနေပိုင်းအချိန်မှာ လာကြဲတာ။ ရွာဘက်မှာ တိုက်ပွဲဖြစ်ပွားတာလည်း မရှိပါဘူး”
တိုက်ပွဲ ဖြစ်ပွားနေတဲ့ မတ္တရာမြို့နယ်အရှေ့ဘက်ခြမ်းကို စစ်တပ်က မကြာခဏ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေပြီး အရပ်သား ထိခိုက်သေဆုံးမှု မကြာခဏ ရှိနေပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလကစပြီး တော်လှန်ရေးအင်အားစုတွေ ထိန်းချုပ်ထားတဲ့ မတ္တရာမြို့နယ်ထဲ စစ်တပ်က ထိုးစစ်ဆင် တိုက်ခိုက်နေတာကြောင့် လက်ရှိအချိန်ထိ တိုက်ပွဲ ဖြစ်ပွားနေဆဲ ဖြစ်ပါတယ်။