ပျားကြီး၊ မတ်လ ၁၃ ရက်၊ မန္တလေး
မန္တလေးမြို့ပေါ်မှာ အခြေခံပညာအဆင့်ကျောင်းသားတွေကို စစ်မှုထမ်းဖို့ ဖမ်းဆီးခေါ်ယူမှု ပြုလုပ်နေတာကြောင့် သက်ဆိုင်ရာ ကျောင်းတွေကနေ ကျောင်းတက်နေဆဲဖြစ်ကြောင်း ထောက်ခံစာ တောင်းယူနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မတ်လဆန်းပိုင်းကစပြီး အသက် ၁၈ နှစ် ပြည့်ပြီဖြစ်တဲ့ Non CDM ကျောင်းသားတွေကို စစ်ကောင်စီက စစ်မှုထမ်းဖို့ အဓမ္မ လာရောက် ဖမ်းဆီးလာတာပဲ ဖြစ်ပါတယ်။
“ကျနော့်သားကို လာခေါ်တာ။ ကလေးက ကျောင်းတက်နေတာလို့ ပြောလဲမရဘူး။ နောက်မှ ကျောင်းထောက်ခံစာ ယူခဲ့ဆိုပြီးပြောတယ်။ အဲဒါနဲ့ ကျောင်းကိုသွားပြီးထောက်ခံစာ ယူပြမှ ပြန်လွှတ်ပေးလိုက်တာ။ တခြားကလေးတွေလည်း အခုတော့ထောက်ခံစာတွေ ယူနေကြရပြီ” လို့ ကိုယ်တိုင် ကြုံတွေ့ခဲ့ရတဲ့ ကျောင်းသားမိဘတစ်ဦးက ပြောပါတယ်။
Covid 19 ကပ်ရောဂါ ဖြစ်ပွားမှုနဲ့ စစ်တပ်ရဲ့ အာဏာသိမ်းမှုကြောင့် အခြေခံပညာကျောင်း ပိတ်ထားရတဲ့အတွက် ကျောင်းသားကျောင်းသူတွေဟာ ပုံမှန်ထက်အသက်အရွယ် ကြီးရင့်နေတာဖြစ်ပြီး အခုလို စစ်ကောင်စီက စစ်မှုထမ်းဖို့ အဓမ္မ ခေါ်ယူလာတဲ့အပေါ် စိုးရိမ်ထိတ်လန့်မှု ရှိနေကြတယ်လို့ အောင်မြေသာစံမြို့နယ်မှ ကျောင်းသားမိဘတစ်ဦးက ပြောဆိုပါတယ်။
အခုလို ထောက်ခံစာ တောင်းယူမှုမှာ ကျောင်းအများစုက အလွယ်တကူထောက်ခံပေးပေမဲ့ တချို့ကျောင်းကတော့ ရံပုံငွေ ကောက်ယူပြီးမှ ထောက်ခံကြောင်းလက်မှတ် ထိုးပေးတာလည်း ရှိနေတယ်လို့ ကျောင်းသားမိဘတွေက ပြောဆိုကြပြီး လုံခြုံရေးအခြေအနေအရ ကျောင်းအမည်ကိုတော့ ထုတ်ဖော်ပြောဆိုဖို့ ငြင်းဆန်ခဲ့ကြပါတယ်။
မန္တလေးမြို့ပေါ် စစ်ကောင်စီ လက်အောက်ခံ အခြေခံပညာအထက်တန်းကျောင်းပေါင်း ၃၀ နီးပါးရှိပြီး အသက် ၁၈ နှစ်ပြည့်ပြီးတဲ့ ကျောင်းသားကျောင်းသူ စုစုပေါင်း ၂ ထောင်ထက်မနည်း ရှိနေနိုင်တယ်လို့ ဒေသခံတွေက ခန့်မှန်းထားကြပါတယ်။