ဓာတ်ပုံ- CJ

မိုင်းပန်ပျော်၊ မတ်လ ၁၂ ရက်၊ ကွတ်ခိုင်

တအာင်းတပ်မတော်- PSLF/TNLA ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် ကွတ်ခိုင်မြို့နယ်က ကျေးရွာတချို့မှာ ပျက်စီးနေတဲ့စာသင်ကျောင်းတွေကို အသစ် ပြန်လည်တည်ဆောက်ဖို့ အကူအညီ လိုအပ်နေပါတယ်။

ကွတ်ခိုင်မြို့နယ်ထဲက ဝေးလံခေါင်ဖျားတဲ့ ကျေးရွာတချို့မှာ ဆင်းရဲချို့တဲ့လွန်းပြီး ကျောင်းလည်း ယိုယွင်းပျက်စီးနေတာကြောင့် အသစ် ပြန်ဆောက်ဖို့ အကူအညီ လိုအပ်နေတာလို့ တအာင်းပြည် ပညာရေးကောင်စီ- TLEC ရဲ့ ကွတ်ခိုင်မြို့နယ် ပညာရေးရုံးမှ တာဝန်ရှိသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

“ကျောင်း ပြန်ဆောက်မယ့် ရွာတွေကတော့ မုံးစီး မုံးဟွမ်ဘက် ဖြစ်ပါတယ်။ အဲဖက်က ဝေးပြီးခေါင်တဲ့နေရာဖြစ်တော့ ရွာကလည်း စားဝတ်နေရေး အခက်အခဲဖြစ်တော့ သူတို့ကလည်း ကိုယ်ထူကိုယ်ထ လုပ်နိုင်တဲ့အနေအထား မရှိတော့ ရုံးဘက်ကလည်း ဘဏ္ဍာရေးငွေ အခက်အခဲ ဖြစ်နေတယ်။ ကျောင်းကတော့ အသစ်တွေ အကုန်လုံး ပြန်ဆောက်ရမယ်။ အဲဒီရွာတွေမှာ အရင်တုန်းက ကျောင်းမဟုတ်ဘူး။ တဲလိုဘဲလေ အဲကြောင့် အဲဒီကျောင်းတွေက ဒီနှစ်မလုပ်ရင် အဆင်မပြေဘူး။ အဲဒီဘက်က ရွာသားတွေလည်း ပူးပေါင်းဖို့ အားမရှိဘူး။ ရုံးအနေနဲ့ ကူညီမယ်ဆိုလည်း နည်းနည်းဘဲ ကူညီနိုင်မှာပေါ့နော်။ အဲ့ဒါကြောင့် အလှူရှင်တွေရှာပြီး အလှူရှင်တွေလည်း ပူးပေါင်းနိုင်ရင်တော့ ဒီနွေရာသီမှာ အပြီးဆောက်မယ်။ လာမယ့် ပညာသင်နှစ်မှာ ကလေးတွေကျောင်းတက်လို့ရအောင် လုပ်သွားမယ်”

ကျောင်းဆောင်အသစ် ဆောက်ဖို့အတွက် ငွေကြေးအပြင် တစ်ခြားကျောင်းဆောင်ဆောက်ဖို့ လိုအပ်တဲ့ ပစ္စည်းတွေကိုလည်း ကူညီနိုင်ပြီး ၅ သိန်းအထက်လှူဒါန်းသူတွေကို ပန်းချီပညာရှင်တွေ ရေးဆွဲထားတဲ့ ပန်းချီကားတွေ လက်ဆောင် ပေးသွားမယ်လို့ ပြောပါတယ်။

အခုလို နိုင်ငံရေးပြဿနာတွေကြား အားလုံးက ခက်ခဲနေတဲ့ကြားကာလမှာ ပညာရေးကလည်း ရပ်တန့်လို့ မရတာကြောင့် ပညာရေး ဖော်ဆောင်နေတဲ့အချိန်မှာ အဖက်ဖက်ကနေ ပံ့ပိုးကူညီမှု လိုအပ်တယ်လို့ ၎င်းက ဆက်ပြောပါတယ်။

ပြုပြင်မယ့် စာသင်ကျောင်းတွေဟာ လာမယ့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်မှာ TLEC က ဖွင့်လှစ်သွားမယ့်ကျောင်း ဖြစ်တယ်လို့ ဆိုပါတယ်။

TLEC ဟာ တအာင်းပြည်အတွင်းက ကျောင်းနေရွယ် ကျောင်းသူကျောင်းသားတွေ ပညာရေးအခွင့်အလမ်း ရရှိစေပြီး အရည်အသွေး ပြည့်မှီတဲ့ ပညာရေးစနစ် ဖြစ်ပေါ်လာစေဖို့နဲ့ ပညာရေးစနစ်ကို ပိုမိုကောင်းမွန်လာစေဖို့ ဦးတည်ပြီး အကောင်အထည်ဖော် ဆောင်ရွက်နေတာ ဖြစ်တယ်လို့ ဆိုပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

You May Also Like

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

ကိုးကန့်တပ် ထိန်းချုပ်ဒေသမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်ဝိုင်ဖိုင်တွေ ပိုအသုံးပြုလာ

ကိုးကန့်တပ်- MNDAA ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်အင်တာနက်လိုင်းတွေ အသုံးပြုလို့ ပိုအဆင်ပြေတာကြောင့် မြန်မာဆင်းကတ်အစား တရုတ်ဆင်းကတ်တွေကို ပိုအသုံးပြုလာနေကြတယ်လို့ ရွှေဖီမြေက စုံစမ်းသိရပါတယ်။

မင်္ဂလာဆောင်အတွက် တင်တောင်းဖို့သွားတဲ့ မိုင်းငေါ့ဒေသခံ ၂ ဦး နောင်ချိုမှာ ၂ လကြာ ပျောက်ဆုံးနေ

တအာင်းတပ် ထိန်းချုပ်ရာ ကျောက်မဲမြို့နယ် မိုင်းငေါ့ဒေသခံ ၂ ဦးက မင်္ဂလာဆောင်အတွက် တင်တောင်းဖို့ နောင်ချိုဘက် သွားရာကနေ ပျောက်ဆုံးနေပြီး ၂ လ ကြာတဲ့အထိ အဆက်အသွယ် မရသေးကြောင်း မိသားစုဝင်ရဲ့ ပြောပြချက်အရ သိရပါတယ်။