ပို့လဘား၊ မတ်လ ၁၁ ရက်၊ သီပေါ
ရှမ်းမြောက် သီပေါမြို့နယ်ထဲက အမျိုးသားတစ်ဦး တောင်ယာသွားရင်း မိုင်းနင်းမိပြီး သေဆုံးသွားခဲ့တယ်လို့ နယ်စည်းမခြား ပရဟိတအသင်းမှ တာဝန်ရှိသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
သီပေါမြို့နယ် ဇာတ်စုရပ်ကွက်မှာ နေထိုင်တဲ့ ၅၆ နှစ်အရွယ် ဦးစိုင်းဖောင်းဆိုသူဟာ ပြီးခဲ့တဲ့ မတ်လ ၈ ရက်မှာ တောင်ယာသွားရင်း မိုင်း နင်းမိခဲ့တာပဲ ဖြစ်ပါတယ်။
“သူ့မိသားစုဝင် ပြောပြတာတော့ သူ ရှေ့ရက်က တောင်ယာသွားပြီး ပျောက်ဆုံးတာပေါ့နော်။ မနေ့ သူ့ကို ရှာတွေ့တော့ ကျနော်တို့ကို အကြောင်းကြားလာတယ်။ သူနင်းမိတာ တစ်ရက်၊ နှစ်ရက် ရှိပြီထင်တယ်။ သူ့ကို သွားသယ်တဲ့အချိန် အနံ့တွေလည်း ထွက်နေပြီ။ သူ့ဘေးနားမှာလည်း မိုင်းအစအနတွေပဲ” လို့ နယ်စည်းမခြား ပရဟိတအသင်းမှ တာဝန်ရှိသူက ပြောပါတယ်။
ဦးစိုင်းဖောင်း မိုင်းနင်းမိခဲ့တဲ့နေရာဟာ သီပေါမြို့နယ် တုံစင့်ရွာမှာဖြစ်ပြီး အဲဒီနေရာမှာ ဒေသခံတွေ မိုင်း မကြာခဏ နင်းမိတဲ့နေရာလည်း ဖြစ်တယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၁ ရက်ကလည်း သီပေါမြို့နယ် တုံစင့်ရွာက အသက် ၁၃ နှစ်အရွယ် ကလေးငယ်တစ်ဦး မိုင်းနင်းမိပြီး ခြေထောက်တစ်ဖက် ပြတ်သွားခဲ့ပါတယ်။
ရွှေဖီမြေက ပြုစုထားတဲ့ စာရင်းအရ ရှမ်းမြောက်မှာ ၂၀၂၅ ခုနှစ် ဇန်နဝါရီနဲ့ ဖေဖော်ဝါရီလ ၂ လအတွင်း မြေမြှုပ်မိုင်းကြောင့် သေဆုံးသူ ကလေးငယ် ၂ ဦးနဲ့ ကလေးငယ် ၂ ဦးအပါအဝင် ၅ ဦးက ခြေပြတ်တာနဲ့ ဒဏ်ရာ ရရှိခဲ့ကြပါတယ်။