ခိုင်လေး၊ မတ်လ ၉ ရက်၊ သိန္နီ
ကိုးကန့်တပ်မတော် – MMDAA ထိန်းချုပ်ဒေသဖြစ်တဲ့ သိန္နီမြို့တံတားမှာ ယာယီယာဥ်မောင်းနှင်ခွင့်ကတ်ပြား မရှိတဲ့ယာဥ်တွေကို ရှောင်တခင် စစ်ဆေးဖမ်းဆီးနေတာကြောင့် ဒေသခံတွေ အခက်ခဲကြုံနေရတယ်လို့ ရွှေဖီမြေ သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။
အရင်က “ဝ”ဒေသနဲ့ ကိုးကန့်ဒေသမှာ နှစ်ဖက်လူကြီး သဘောတူညီ၊ နားလည်မှုကြောင့် “ဝ” ဒေသက ကားလိုင်စင်ဆို ကိုးကန့်တွေဘက်သွားလာလို့ရပြီး ကိုးကန့်က ကားလိုင်စင်တွေဆိုလည်း “ဝ” ဒေသကို လွတ်လွတ်လပ်လပ် သွားလာလို့ရတယ်လို့ ဆိုပါတယ်။
“ရှေ့ရက်တွေမှာက မစစ်ဘူး။အဲ ၄ ရက်နေ့မှာဘဲ ရုတ်တရက်ထစစ်တာ။ ကားတစ်စီးကို ရှစ်သောင်းပေးပြီး လုပ်ရတယ်။ မနည်းဘူးလေ။ ဟိုဒေသကိုသွားရင်လည်း လုပ်ရ၊ ဒီဒေသလည်းလုပ်ရ အဲလိုကြတော့ ပြည်သူတွေအတွက် နစ်နာရတယ်လေ”
အရင်က ကိုးကန့်ဒေသဘက်ကို “ဝ” လိုင်စင်ကတ်ပြားရှိရင် ယာယီယာဉ်မောင်းနှင်ခွင့်ကတ်ပြားတွေမလိုဘဲ သွားလာလို့ ရတာဖြစ်ပြီး ပြီးခဲ့တဲ့ မတ်လ ၄ ရက်နေ့ကစ သိန္နီတံတားမှာ ရုတ်တရက် (ရှောင်တခွင်) စစ်ဆေးတာကြောင့် ရပ်ဝေးကလာတဲ့ ဟိုပန်က ခရီးသည်တွေအတွက် အခက်အခဲကြုံတွေ့ စေခဲ့တယ်လို့ ဆိုပါတယ်။
အဲ့ဒီ ယာယီယာဥ်မောင်းနှင်ခွင့်ကတ်ပြား မလုပ်ရသေးတဲ့ ယာဥ်တွေကို ဖြတ်သန်းသွားလာခွင့်မပေးတာကြောင့် ဟိုပန်ဖက်ကလာတဲ့ ခရီးသည်တချို့ သိန္နီ မှာ အားလုံးတန်းစီပြီး ယာယီမောင်းနှင်ခွင့်ကတ်ပြား ပြန်လုပ်ကြရတယ် တချို့ယာဉ်တွေလည်း လှည့်ပြန်တာရှိတယ်လို့ ဆိုပါတယ်။
ကိုးကန့်ဒေသအတွင်း ဖြတ်သန်းသွားလာကြမဲ့ ဘယ်လိုင်စင်၊ ယာဥ်မဆို သတ်မှတ်ထားတဲ့ ယာယီယာဥ်မောင်းကတ် လုပ်ရမှာဖြစ်ပြီး ပြီးခဲ့တဲ့ ဇန်နဝါရီလ ကလည်း လားရှိုးမြို့မှာ ယာဥ်တစ်စီးကို ၁ သောင်းခွဲ နဲ့ ပြုလုပ်ပေးနေတာတွေရှိတယ်လို့ သိန္နီမြို့မှ တာဝန်ရှိသူတစ်ဦး ပြောဆိုထားတာရှိတယ်လို့ ဆိုပါတယ်။
ကွမ်းလုံ၊ ချင်းရွှေဟော်နဲ့ လောက်ကိုင်မှာ အရင်ယာယီကတ်ပြားမတိုင်ခင်က (KK) ကတ်ပြားတွေ ပြုလုပ်ပေးခဲ့ပေမဲ့ လက်ရှိ (KK) ကတ်ပြားအစား ယာယီမောင်းနှင်ခွင့်ကတ်ကို ပြုလုပ်ပေးတာဖြစ်ပါတယ်။