ပို့လဘား၊ မတ်လ ၈ ရက်၊ ကွတ်ခိုင်
တအာင်းတပ်မတော် TNLA ထိန်းချုပ်ထားတဲ့ ကွတ်ခိုင်မြို့နယ်ထဲကို ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တပ်သား အင်အားတစ်ရာကျော်က ဝင်ရောက်ရာကနေ အချင်းချင်း အငြင်းပွါးမှုဖြစ်ပွါးပြီး KIA နဲ့ TNLA တပ်သားတို့ ထိုးကြိတ်တဲ့ထိ ဖြစ်ပွါးခဲ့တယ်လို့ ကွတ်ခိုင်ဒေသခံတွေထံက စုံစမ်းသိရှိရပါတယ်။
ကွတ်ခိုင်မြို့ထဲကို အင်အားတစ်ရာကျော်ရှိတဲ့ KIA တပ်သားတွေက မနေ့ မတ်လ ၇ ရက် ညနေ ၄ နာရီဝန်းကျင်မှာ ကောင်းခါးလမ်းဘက်ကနေ ဝင်လာတာဖြစ်ပြီး TNLA ဘက်က မြို့ထဲမဝင်ဖို့ တားဆီးရာကနေ အငြင်းပွါးမှုတွေ စတင်ဖြစ်ပွါးခဲ့ကြတာလို့ ဖြစ်စဉ်သိရှိတဲ့ ကွတ်ခိုင်မြို့ မှ သတင်းအရင်းအမြစ်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
“ဂိတ်စောင့်နေတဲ့ အဖွဲ့တွေက မဝင်ခိုင်ဘူး။ တားထားတယ်။ ဆွေးနွေးတယ်။ ငြင်းခုံကြတာပေါ့။ ဘာလို့ဝင်လာတာလဲလို့မေးတာ KIA ဘက်က အလုပ်ရှိလို့ ကွတ်ခိုင်ထဲမှာ သုံး၊ လေးရက် ဝင်နေမယ်။ သူတို့ အဲနားမရောက်ခင် သတင်းပေးလာတာမရှိဘူး။ အဲနားရောက်မှ သူတို့(KIA)ရဲ့ တိုက်နယ်မှူးတွေ ပြောလာတာရှိတယ်တဲ့။ သူတို့တပ်သား ဒီဘက်လာတာရှိမယ်။ ဘယ်လောက်နေမယ်ဆိုတာ ပြောလာတယ်။ TNLAဘက်က ခွင့်မပြုဘူးတဲ့။ အဲလိုယူနီဖောင်းဝတ်ပြီး ကျနော်တို့ ဝင်ခွင့်မပေးနိုင်ဘူးဆိုပြီး တားထားရာကနေ ပြဿနာစဖြစ်တာ”
KIA တပ်ဖွဲ့မှ မြို့ထဲ ဝင်လာမယ့်အကြောင်းကို အထက်ကို စာတင်ပေးပြီး ခွင့်ပြုချက်ရမှသာ ဝင်ခွင့်ပေးမယ်လို့ ဆိုကြရာကနေ အငြင်းပွါးမှုတွေ ပြင်းထန်ခဲ့တာလို့ ၎င်းက ဆက်ပြောပါတယ်။
“သူတို့ကို ပြောတာပေါ့။ ဝင်လို့မရဘူး။ ဟိုဘက် မြို့ပြင်မှာ သွားနေခိုင်းတယ်။ နမ့်ဟူးရွာဘက်တို့ လမ်းညွှန်ပေးပြီး သွားနေခိုင်းတယ်။ သွားနားခိုင်းတယ်။ သူတို့က မြို့ထဲပဲ ဝင်မယ်ဆိုပြီးပဲ ပြောနေတာ”လို့ ဆိုပါတယ်။
အဲဒီနောက်မှာပဲ TNLA ဘက်က အင်အားထပ်မံဖြည့်တင်းပြီး မြို့ထဲဝင်ဖို့ လုပ်နေတဲ့ KIA တပ်သားတွေအပါအဝင် ကွတ်ခိုင်မြို့မှာရှိတဲ့ KIA ရဲ့ မဟာမိတ်ဆက်ဆံရေးရုံးရှိ KIA တပ်သားတွေကို TNLA ဘက်က လာရောက်နှင်ထုတ်ခဲ့ပြီး နှင်ထုတ်နေချိန်မှာ ကချင်ဒေသခံတွေလည်း မဟာမိတ် ဆက်ဆံရေးရုံးသို့ ရောက်လာပြီး KIA တပ်သားတွေကို ရုံးကနေ မောင်းမထုတ်ဖို့ တောင်းဆိုကြတယ်လို့ နောက်ထပ် မြို့ခံအမျိုးသားတစ်ဦးက ပြောပါတယ်။
“ကချင်ဒေသခံတွေက လာရောက်ပြီး ပြောတာပေါ့။ သူတို့ KIA ကို ပေးနေပါဆိုပြီး တောင်းဆိုတယ်။ သူတို့ဒေသခံ အယောက် ၅၀ ကျော်ရှိတယ်။ အဖွားကြီးတွေလည်း ပါတယ်။ TNLAက သူတို့ (KIA) ကို မောင်းထုတ်နေတဲ့အချိန် အထုပ်တွေ ပစ္စည်းတွေ ကားပေါ်ထည့်နေချိန်မှာ အချင်းချင်းတွန်းရင်း လက်တွေ ပါကုန်ကြတာ”
ကွတ်ခိုင်မြို့မှာရှိတဲ့ KIA တပ်ဖွဲ့ဝင်တွေကို TNLA က ကားပေါ်ဆွဲတင်ပြီး မူဆယ်အတက် ပြည်ထောင်စု လမ်းမပေါ်ရှိ ရှုခင်းသာမှာ သွားရောက်ပို့ဆောင်ပေးလိုက်တယ်လို့ အဆိုပါအမျိုးသားက ဆက်ပြောပါတယ်။
“မနေ့ကတော့ TNLA က KIA တွေကို ကားပေါ်ခေါ်သွားပြီး နမ့်ဖက်ကာ ရှုခင်းသာကျော်မှာ သွားပို့တာ။ အခု ဆက်ဆံရေးရုံးမှာ TNLAဘက်က ထိန်းသိမ်းထားတဲ့ သဘောရှိတယ်။ အခု ကွတ်ခိုင်မှာ KIA တွေ မရှိတော့ဘူး”
အဆိုပါဖြစ်စဉ်နဲ့ ပတ်သက်ပြီး TNLA နဲ့ KIA တို့ရဲ့ ပြန်ကြားရေး တာဝန်ရှိသူတွေကို ရွှေဖီမြေက ဆက်သွယ်မေးမြန်းခဲ့ပေမယ့် တစ်စုံတစ်ရာ အကြောင်းပြန်တာတော့ မရှိသေးပါဘူး။
TNLA နဲ့ KIA တို့ တပ်ဖွဲ့ဟာ နယ်မြေကိစ္စနဲ့ ပတ်သက်ပြီး ကွတ်ခိုင်အပြင် နမ္မတူ၊ မန်တုံမြို့နယ်တွေမှာလည်း ပြဿနာအကြိမ်ကြိမ် ဖြစ်ပွားခဲ့ပြီး နှစ်ဖက်တပ်ဖွဲ့အကြား ပြဿနာတွေ မကြီးထွားစေဖို့၊ ထိန်းထိန်းသိမ်းသိမ်းလုပ်ဖို့ကို နှစ်ဖက်ခေါင်းဆောင်တွေက တိုက်တွန်းထားပါတယ်။