အိုက်ပွီး၊ မတ်လ ၈ရက်၊ ငဖဲ
မကွေးတိုင်း၊ ငဖဲမြို့နယ်၊ ပဒါန်းမြို့၊ စပ်စီကျေးရွာက ချင်းအမျိုးသမီးနှစ်ဦးကို စစ်ကောင်စီတပ်က အင်အားအလုံးရင်းနဲ့ လာရောက်ပြီး ဖမ်းဆီးကာ လက်တော့ပ်နဲ့ ဖုန်းတွေပါ သိမ်းယူသွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
မနေ့ မတ်လ ၇ရက်နေ့၊ ညနေ ၂နာရီဝန်းကျင်မှာ ငဖဲမြို့ ကပစ တပ်ရင်းမှ စစ်ကောင်စီတပ် အင်အား ၄၀ ကျော်ဟာ ကားနှစ်စီး၊ ဆိုင်ကယ် ၇ စီးနဲ့ ရွာထဲဝင်လာပြီး တက်အိမ်တက်ဆင်း စစ်ဆေးပြီး ဖမ်းဆီးခေါ်ဆောင်သွားတာဖြစ်ပါတယ်။
“အဖမ်းခံရတဲ့ နှစ်ယောက်က သားအမိတွေပါ။ သံသယရှိတယ်ဆိုပြီး ဖမ်းသွားတာပါ။ သူတို့အိမ်က လက်တော့ပ်၊ ဖုန်းတွေပါ ယူသွားပါတယ်။ အိမ်တွေကိုလည်း ဝင်မွှေသွားပါတယ်။”လို့ ငဖဲမြို့နယ်ဒေသခံချင်းအမျိုးသားတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။
ဖမ်းဆီးခံရသူ နှစ်ဦးဟာ အသက် (၅၄) နှစ်အရွယ် ဒေါ်ပလွန် နဲ့ အသက် (၁၈) နှစ်အရွယ် မိုင်အက်စတာမန်းတို့ သားအမိတွေဖြစ်ပါတယ်။
ဒါ့အပြင် စပ်စီကျေးရွာ ခရစ်ယာန်ဘုရားကျောင်းက မူကြိုကျောင်းကိုလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ရှာဖွေစစ်ဆေးပြီး ကျောင်းကို ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။
“ရွာက မူကြိုကျောင်းကို စစ်ဆေးတဲ့အချိန် ဘုရားကျောင်းမှာ မိုင်းတွေထောင်ထားသေးတယ်။ မူကြိုကျောင်းကနေ စစ်သားတွေ ပြန်ထွက်တဲ့ချိန်မှာ မိုင်းတွေက ပြန်ဖြုတ်ခဲ့ပါတယ်။ ကျောင်းကတော့ ဖျက်ဆီးခံလိုက်ရပါတယ်။” လို့ ငဖဲမြို့နယ်ဒေသခံချင်းအမျိုးသားတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။
စပ်စီကျေးရွာဟာ အိမ်ခြေ ၈၀ ကျော်တည်ရှိပြီး ချင်းလူမျိုးတွေနေထိုင်ကြတဲ့ကျေးရွာဖြစ်ပါတယ်။
မတ်လ ၃ရက်နေ့ကလည်း ငဖဲမြို့နယ် နတ်ရေကန် ဗျူဟာကုန်းကနေ ဒရုန်းနဲ့ စစ်ကောင်စီတပ် လေကြောင်း ဗုံးကြဲတိုက်ခိုက်လို့ လင်းတဲကျေးရွာက ချင်းအမျိုးသားတစ်ဦးသေဆုံးပြီး လူနေအိမ်အများပြား ပျက်စီးသွားခဲ့ပါတယ်။