အင်းငယ်၊ မတ် ၅ရက်၊ ဒီးမော့ဆို
ကရင်နီပြည် ဒီးမော့ဆို – မော်ချီလမ်းကို တော်လှန်ရေးအင်အားစုတွေက ရက်အကန့်အသတ်မရှိ ပိတ်ပင်လိုက်ပြီလို့ စုံစမ်းသိရပါတယ်။
ကရင်နီပြည်တွင်း စစ်ကောင်စီရဲ့ သာလွန်အင်အားနဲ့ ထိုးစစ်ဆင်မှုတွေကြောင့် ဒေသတွင်း ပြည်သူတွေရဲ့ လုံခြုံရေးအတွက် မနေ့ မတ်လ ၄ရက်နေ့ကစပြီး ပိတ်ပင်လိုက်တာပါ။
ဒီးမော့ဆိုဒေသတွင်း စစ်ရေးလှုပ်ရှားနေသူ မြေပြင်အရင်းအမြစ် တစ်ဦးက “ဒီကာလ သွားရင်တော့ အသက်အာမခံချက် မရှိဘူး။ စစ်ကောင်စီဖက်က မဲမဲမြင်အကုန် ပစ်မှာပဲ။ လူသားဒိုင်း လုပ်တာ၊ စစ်မှုထမ်း ခေါ်တာတွေလည်း လုပ်နိုင်တာပေါ့။ လုပ်လည်း လုပ်နေတာပဲလေ။ ကျနော်တို့ဖက်ကလည်း မြေပြင်အခြေအနေနဲ့ ပြည်သူတွေရဲ့ လိုအပ်ချက် ချိန်ဆပြီး ပြန်ဖွင့်ဖို့ ရှိပါတယ်။ လောလောဆယ်တော့ မရသေးဘူးပေါ့နော်” လို့ ပြောပါတယ်။
ဒီးမော့ဆိုမြို့နယ်ကနေ မော်ချီးမြို့နယ်ကို ကူးသန်းရောင်းဝယ်နေတဲ့ ကုန်ကား၊ ဆိုင်ကယ်အားလုံးဟာ ဒီနေ့ကစပြီး နောက်ထပ်အမိန့် မထုတ်ပြန်ခင်အထိ ဖြတ်သန်းသွားလာလို့ မရဘူးလို့ ဆိုပါတယ်။
လက်ရှိ စစ်ရေးအခြေအနေအရ ဘောလခဲမြို့နယ်ကနေ စစ်ကောင်စီတပ်တွေ တန်ပြန်ထိုးစစ်ဆင်လာနိုင်တာကြောင့် ယာဉ်အားလုံး မပျက်မကွက် လိုက်နာကြဖို့ကိုလည်း ကရင်နီပြည် ကြားကာလ စီမံအုပ်ချုပ်ရေးကောင်စီ (IEC)ရဲ့ ပြည်ထဲရေးဌာန ဌာနမှူးကြီး စောလှသာသန်းက သတိပေးထားပါတယ်။
ဒေသတွင်း အသက် ၅၀ အရွယ် ကုန်သည်တစ်ဦးက “အကြာကြီးပိတ်ရင်တော့ စစ်ရှောင်တွေလည်း ဒုက္ခရောက်မယ်။ ကုန်ဝင်တာ အခက်အခဲဖြစ်ပြီး ငတ်ပြတ်လာနိုင်တယ်။ လောလောဆယ်တောင် ဈေးတက်မလား မသိဘူး။ ကြောက်နေရတယ်။ တကယ်တမ်း တိုက်ပွဲတွေ ဖြစ်နေရင်တော့ ဘာမှမထုတ်ပြန်လည်း ဘယ်သူမှ မသွားကြပါဘူး” လို့ ပြောပါတယ်။
ဒီးမော့ဆိုမြို့နယ်တွင်းကို အခု မတ်လအတွင်း စစ်ကောင်စီက လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက် ပြုလုပ်နေပြီး မနေ့(မတ် ၄)က လေကြောင်းတိုက်ခိုက်မှုကြောင့် ဒီးမော့ဆို တောင်ကုန်းပေါ်က လူနေအိမ်တစ်လုံးနဲ့၊ KTV အဆောက်အဦးတချို့ ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
၂၀၂၅ ခုနှစ်အတွင်း ရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက် စစ်ကောင်စီက သာလွန်အင်အား ၇၀၀ ကျော်နဲ့ ထိုးစစ်ဆင်နေပြီး စစ်ကြောင်းထိုးလာတဲ့ ကျေးရွာတစ်လျှောက်မှာ လူနေအိမ် မီးရှို့တာ၊ ခိုးဝှက်တာ၊ ပေါ်တာဆွဲတာတွေ ကျူးလွန်ခဲ့တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။