ပို့လဘား၊ မတ်လ ၄ ရက်၊ နမ့်ဖက်ကာ
ကွတ်ခိုင်မြို့နယ် နမ့်ဖက်ကာကျေးရွာမှာ မီးသွေးတင်လာတဲ့ ကားတစ်စီး ချောက်ထဲပြုတ်ကျလို့ အမျိုးသား ၁ဦးသေဆုံးပြီး ၁ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဖြစ်စဉ်သိရှိသူ အမျိုးသားတစ်ဦးက ပြောပါတယ်။
မနေ့ မတ်လ ၃ ရက် ည ၇ နာရီဝန်းကျင်မှာ လော့ခွမ်ရွာကနေ နမ့်ဖက်ကာရွာဘက်ကို မီးသွေးတင်လာတဲ့ကားတစ်စီးက ဝိတ်မထိန်းနိုင်တော့ဘဲ ချောက်ထဲပြုတ်ကျခဲ့တာလို့ ပြောပါတယ်။
“နမ့်ဖက်ကာကနေ လော့ခွမ်ရွာဘက်ကို မီးသွေးသွားတင်တာပေါ့။ သူတို့အပြန်မှာ အဲဒီလော့ခွမ်ရွာအကျော် သူတို့မှောက်တာ။ မီးသွေးအများကြီးတင်လာတယ်။ ဝိတ်များတော့ သူမထိန်းနိုင်တော့လို့ လမ်းအောက်မှာ ထိုးကျပြီး ချောက်ထဲရောက်သွားတာ။ ကားဆရာကတော့ သေတယ်။ ကားစပယ်က ထိခိုက်ဒဏ်ရာရတယ်။ သူတို့ကားက ၁၂ ဘီးကားဆိုတော့”
သေဆုံးသွားတဲ့ ကားဆရာဟာ အသက် ၄၅ နှစ်အရွယ်ရှိတဲ့ တားအောင်မြတ် ဆိုသူဖြစ်ပြီး ထိခိုက်ဒဏ်ရာရသူကတော့ အသက် ၂၈ နှစ်ရှိတဲ့ ညီနောင် ဆိုသူဖြစ်တယ်လို့ ပြောပါတယ်။
အလားတူ မနေ့ မတ်လ ၃ ရက် ညနေပိုင်းမှာလည်း မူဆယ်မြို့ မိုင်းယု ၁၀၅ မိုင် ကုန်သွယ်ရေး ဇုန်အနီးမှာ ကားတစ်စီး တိမ်းမှောက်မှုဖြစ်ခဲ့တယ်လို့ သိရှိရပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလ ၃၀ ရက်ကလည်း နမ့်ခမ်းနဲ့ နမ့်ဖက်ကာကြားမှာ ကားတစ်စီးတိမ်းမှောက်လို့ ကားသမားတစ်ဦး ပွဲချင်းသေဆုံးခဲ့ဖူးပါတယ်။