မိုင်းဇူလိုင် ရေးသည်။
စစ်တပ် အာဏာသိမ်းပြီးနောက် တန့်ယန်းမြို့မှာ ချမ်းသာလာတဲ့ အဓိက လူတန်းစားနှစ်မျိုး ရှိပါတယ်။ အဲဒါကတော့ ကျားဖြန့်နဲ့ လက်ဖြန့်ပဲ ဖြစ်ပါတယ်။
ကျားဖြန့်ဆိုတဲ့ လူတန်းစားကိုတော့ အားလုံးသိကြတဲ့အတိုင်း အထွေအထူး ရှင်းပြစရာမလိုတဲ့ တရုတ်နိုင်ငံသားတွေ ဦးဆောင်လုပ်ကိုင်တဲ့ လူလိမ်ဂိုဏ်းလုပ်ငန်း လုပ်ကိုင်သူတွေပါ။
လက်ဖြန့်ဆိုတာကတော့ ဘာအရင်းအနှီးမှ စိုက်ထုတ်စရာမလိုဘဲ လက်ကလေး ဖြန့်လိုက်ရုံ၊ စကားလေးတစ်ခွန်း ဟလိုက်ရုံနဲ့ ငွေတွေ သိန်းဆယ်ချီ ရာချီ ရနေတဲ့ အမိန့်ရ လိုင်စင်ရ တရားဝင် သူဖုန်းစားအုပ်စု ဖြစ်ပါတယ်။
ရှမ်းမြောက်အတွင်း တိုက်ပွဲ စစ်မက် မဖြစ်ပွားတဲ့မြို့ဆိုလို့ တန့်ယန်းမြို့နဲ့ မိုင်းရယ်မြို့လောက်သာ ရှိပါတယ်။ တန့်ယန်းမြို့ထက်စာရင် မိုင်းရယ်မြို့က တည်ငြိမ်မှု နည်းခဲ့ပါတယ်။
တန့်ယန်းမြို့ တည်ငြိမ်တယ်ဆိုတာက ပြီးခဲ့တဲ့ လားရှိုး မြို့သိမ်းတိုက်ပွဲကတည်းက ဝတပ်- UWSA တပ်ဖွဲ့က ဝင်ရောက် တပ်စွဲလာခဲ့လို့ပဲ ဖြစ်ပါတယ်။
UWSA တပ်စွဲတယ်ဆိုတာကလည်း မြို့အပြင်ဘက်ပိုင်းက ကျေးရွာတွေမှာသာ လုံခြုံရေးသဘောအဖြစ် အဓိက တပ်စွဲထားကြတာဖြစ်ပြီး ကျန်တဲ့မြို့ပေါ်အုပ်ချုပ်ရေးပိုင်းအားလုံး စကစနဲ့ သူ့ရဲ့လက်အောက်ခံဌာနဆိုင်ရာတွေ ကြီးစိုးအုပ်ချုပ်နေဆဲ အခြေအနေပါ။
တန့်ယန်းမြို့မှာ စစ်မက် မဖြစ်ပွားလို့ ငြိမ်းချမ်းသာယာစည်ကားနေတယ်လို့ ထင်ရပေမဲ့ တစ်ကယ်တမ်းတော့ အာဏာသိမ်းပြီးနောက်ပိုင်းကစပြီး အဘက်ဘက်က ယိုယွင်းပျက်စီးလာနေတာပါ။ တရုတ်နိုင်ငံသားနဲ့ နယ်မြေဒေသအလိုက် စိုးမိုးတဲ့လက်နက်ကိုင်တချို့ ပူးပေါင်းပြီး လုပ်ကြတဲ့ ကျားဖြန့်အလုပ်ရုံတွေ ပေါလာပါတယ်။
မကောင်းမှုဒုစရိုက်တွေ ပိုများလာပြီး မှောင်ခိုလုပ်ငန်းလည်း ကြီးထွားလာပါတယ်။ လူထုဘဝ လုံခြုံမှု အားနည်းလာသို ကုန်ဈေးနှုန်း အဆမတန် ကြီးမြင့်လာတာပါ။ မတရားမှုတွေ ပိုများလာပြီး အာဏာရ၊ အမိန့်ရပုဂ္ဂိုလ်တွေအတွက် ထင်တိုင်းကြဲခွင့် ပိုရလာတာတွေကြောင့် ကောင်းမွန်တဲ့ တိုးတက်မှု မရှိခဲ့ပါဘူး။
လွန်ခဲ့တဲ့ ၃ နှစ်လောက်ကတည်းက ကိုးကန့်ဒေသ လောက်ကိုင်နဲ့ ဝဒေသဘက်က ကျားဖြန့်လုပ်ငန်း လုပ်ကိုင်တဲ့ တရုတ်နိုင်ငံသားတွေဟာ တန့်ယန်းမြို့နယ်ထဲက ကျေးရွာတွေဘက် အလျှိုလျှို ဝင်ရောက်လာကြပြီး အုတ်တံတိုင်းအမြင့်ကြီး ဆောက်ထားတဲ့ခြံဝင်းတွေကို ငှားရမ်းခဲ့ကြတယ်။
အဲဒီနယ်မြေဒေသကို စိုးမိုးတဲ့ လက်နက်ကိုင်တွေထဲက လူတွေကို လုံခြုံရေး ပြန်ငှားကြပြီး အပြင်လူ ပေးမဝင်သလို အထဲမှာနေပြီး အပြင်မထွက်ရတဲ့ အလုပ်သမားဝန်ထမ်းတွေအတွက် ကုန်စုံဆိုင် စားသောက်ဆိုင် ဇိမ်ခံခန်းတွေကိုပါ တွဲပြီး ဖွင့်ထားပေးတာပါ။
အထဲမှာ ကြိုက်တာ လုပ်လို့ရပြီး လိုအပ်တာ အစုံရှိတယ်လို့ ကျားဖြန့်ရုံ ရှိနေတဲ့ ကျေးရွာမှ ဒေသခံတွေက ပြောပါတယ်။ အဲဒီကျားဖြန့်ရုံမှာ တာဝန်ရှိသူ တရုတ်တွေဟာ ကားအကောင်းစား မောင်းပြီး ဘေးက စစ်ဝတ်စုံဝတ် လုံခြုံရေးအပြည့်နဲ့ မြို့ပြင်မြို့ထဲ ပေါ်တင် သွားလာနေထိုင်ကြတာကို တန့်ယန်းမြို့က လူတိုင်းအသိပါ။
“ဒီနိုင်ငံသား သာမာန်လူထုတွေကျတော့ ဟိုမြို့ဒီမြို့ ကူးလူးသွားလာရဖို့အရေး လမ်းခရီးမှာ လူမျိုး စိစစ်ရတာနဲ့ မှတ်ပုံတင်မျဉ်းစောင်းတွေ စိစစ်ရတာနဲ့ ဖမ်းမယ်ဆီးမယ် တစ်ကဲကဲ ခြိမ်းခြောက်ခံရပြီး မလုံမခြုံ ခရီးသွားလာနေရတာဗျာ။ အဲဒီလူလိမ်ဂိုဏ်းက တရုတ်နိုင်ငံသားတွေကျ လွယ်လွယ်ကူကူ ဖြတ်သန်းဝင်ထွက်သွားလာနေကြတာ မြင်မကောင်းဘူး။ ဒီလို တိုင်းတပါးလူမျိုးတွေ ပေါ်ပေါ်ထင်ထင် လုပ်ချင်တိုင်း လုပ်ခွင့်ရနေတာက လက်နက်ကိုင်နဲ့ အာဏာရတဲ့သူတွေက ငွေယူပြီး ခွင့်ပြုနေလို့ဆိုတာ ရှင်းနေတာပဲ” လို့ အသက် ၄ဝ ကျော်အရွယ် အမျိုးသားတစ်ဦးက ရွှေဖီမြေနဲ့ တွေ့ဆုံမေးမြန်းစဉ် ပြောဆိုခဲ့ပါတယ်။
မြန်မာပြည်ဖွား မြန်မာနိုင်ငံသား တန့်ယန်းဒေသခံ တရုတ်လူမျိုး အမျိုးသမီးတစ်ဦး ပြောတာကတော့ “ကျားဖြန့်ရုံက တရုတ်သူဌေးတွေရဲ့ အမြှောင်မယားလုပ်ဖို့ လစာအနေနဲ့ တစ်လကို ယွမ် ၁ သောင်း (ကျပ်သိန်း ၆ဝ ကျော်) အနည်းဆုံး ပေးမယ်။ ရုပ်လှရမယ် အရပ်ရှည်ရမယ် အသက်ငယ်ရွယ်ရမယ် စတဲ့အရည်အချင်းတွေရှိရမယ်။ အမျိုးသမီးငယ်တွေကို ပွဲစားကနေတဆင့် TikTok၊ WeChat ဆိုရှယ်မီဒီယာကနေတောင် ပေါ်တင် ကြော်ငြာပြီး ခေါ်နေကြတာမျိုး ရှိတယ်။ တခါတလေ ကျမဆီ ဈေးလာဝယ်ရင်းနဲ့တောင် မိန်းကလေး ရှာခိုင်းတာတွေ ရှိတယ်။ ကျမက မသိဘူးဘဲ ငြင်းလိုက်တာ” လို့ သူမက ပြောပါတယ်။
ကျားဖြန့်လုပ်ငန်းလုပ်တဲ့ အလုပ်ရုံတွေအကြောင်း သတင်းဌာနတွေမှာ ဖော်ပြလာတာ များတဲ့အချိန်မှာ ဟန်ပြအဖြစ် ဖမ်းပြကြပြီး အချိန်တစ်ခု ကြာသွားရင် ခါတိုင်းလိုသာ ပြန်ဖြစ်လာပြီးတော့ တခြားကျေးရွာဘက် ပြောင်းလုပ်ကြပြန်တယ်။ အခုလိုသာ သံသရာလည်နေပြီး နှိမ်နင်းလို့ ပပျောက်သွားတယ်ဆိုတာ မရှိပါဘူး။
ငွေကို ရေလိုသုံးနိုင်တဲ့ ကျားဖြန့်ဂိုဏ်းကလူတွေ ပေါလာလို့ KTV၊ ဘား၊ အနှိပ်ခန်း၊ အပန်းဖြေ ဇိမ်ခံလို့ရတဲ့လုပ်ငန်းတွေလည်း တန့်ယန်းမြို့ထဲ များလာပါတယ်။
ကုန်ဈေးနှုန်း အဆမတန် ဈေးတက်လာရတဲ့ အကြောင်းအရင်းက ကုန်သွယ်ရေးလမ်းခရီးမှာ စစ်ကောင်စီ စစ်ဆေးရေးဂိတ်တွေက ကားသမားနဲ့ ကုန်သည်တွေဆီကနေ ငွေအတောင်းကြမ်းလို့ သယ်ယူစရိတ် ကြီးမြင့်လာတဲ့အပြင် ငွေကို ရေလို သုံးနိုင်တဲ့ ကျားဖြန့်သမားတွေက ဈေး ပိုပေးကာ ဝယ်ကြရင်း ဈေးတက်လာတာပဲ ဖြစ်ပါတယ်။
“မြန်မာနိုင်ငံထဲမှာ တန့်ယန်းလောက် ကုန်ဈေးနှုန်း မြင့်တာ မတွေ့ဖူး မမြင်ဖူး မကြားဖူးဘူး” လို့ တခြားမြို့ကနေ စစ်ရှောင်လာတဲ့သူတွေကလည်း ရွှေဖီမြေကို ပြောပါတယ်။
ကျန်းမာရေးပိုင်းနဲ့ နီးစပ်သူတွေ ပြောပြချက်အရ တန့်ယန်းမှာ လက်ရှိ အဖြစ်အများဆုံး ဖြစ်နေကြတဲ့ ရောဂါဟာ လိင်ကနေတဆင့် အဓိက ကူးစက်တဲ့ ကာလသားရောဂါနဲ့ HIV ပိုးတွေ့လူနာတွေ ဖြစ်ပါတယ်။
“ကူးစက်ရောဂါပိုး ရှိကြတဲ့သူတွေက အပြင်ပန်းကြည့်လိုက်ရင် လူရည်သန့် ငယ်ငယ်ချောချော ရုပ်လေးတွေနဲ့ ကျန်းမာရေးအသိ ရှိကြမယ့်ပုံလည်း မပေါ်ဘူး။ ရှေ့လျှောက် ပိုးထပ်ကူးနိုင်မယ့်သူတွေ ပိုများလာနိုင်လို့ ရင်လေးမိပါတယ်” ဆိုပြီး ကျန်းမာရေးလုပ်သားတစ်ဦးက သုံးသပ်ပြောဆိုပါတယ်။
ကျားဖြန့်တွေ များလာခြင်းရဲ့ အခြားတဘက်မှာ နောက်ထပ်ပြဿနာက မူးယစ်ဆေးဝါးနဲ့ လောင်းကစားတွေပါ။ ဒါတွေက အရင်ကတည်းက ရှိကြပေမဲ့ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ပိုဆိုးလာတာပါ။
မူးယစ်တပ်ဖွဲ့ဆိုရင် မြို့ပြင်နဲ့ မြို့ပေါ်ရပ်ကွက်တွေမှာ ကြုံရင်ကြုံသလို မူးယစ်ဆေးဝါး ရှောင်တခင် စစ်ဆေးကြပါတယ်။ သူတို့စကားနဲ့ပြောရရင် ဖားရိုက်တယ်လို့ ခေါ်ပါတယ်။ မူးယစ်ဆေးဝါး လက်ဝယ်တွေ့လို့ အဖမ်းမခံရစေချင်ရင် ငွေပေးရပါတယ်။ ငွေပေးဖို့မရှိတဲ့သူဆိုရင် အမှုဖွင့်အရေးယူမယ်ဆိုပြီး ငွေညစ်တဲ့အလုပ်ပဲ အဓိက လုပ်ကြတော့တာပါ။ အကြီးပိုင်းကနေ အငယ်ဆုံးဝန်ထမ်းတွေအထိ လက်ဖျား ငွေသီးကြတဲ့ အမိန့်အာဏာရ အုပ်စုတစ်စုပါ။
Happy water, K နဲ့ ခါခူးလို မူးယစ်ဆေးဝါးတွေ လိုသလို သုံးစွဲလို့ရတဲ့ KTV၊ အနှိပ်ခန်းနဲ့ လောင်းကစားရုံတွေမှာ လိုင်းကြေး ကောက်ကြတဲ့အပြင် အခမဲ့ သွားပျော်ပါးကြပါသေးတယ်။
“လွန်ခဲ့တဲ့နှစ်က အဒေါ့်သားလေး ဆိုင်ကယ်စီးရင်းနဲ့ ခါခူးထုပ်သေးသေးလေး မိလို့ဆိုပြီး တောင်းတာ သိန်းခုနှစ်ဆယ်တဲ့။ တခြားမှာ အလုပ်သွားလုပ်နေတဲ့ သူ့အစ်ကိုတွေဆီ လှမ်းတောင်းပြီး သွားရွေးရတာ၊ မတတ်နိုင်ဘူးလေ မရှိရှိတာ ရှာပေးရမှာပဲ။ ထောင်ကျရင် မလွယ်ဘူးလေ” လို့ မြို့စွန်ဘက်မှာ နေထိုင်တဲ့ အဒေါ်ကြီးတစ်ယောက်က ကြုံတွေ့ခဲ့ဖူးတာကို ရွှေဖီမြေကို ပြန်ပြောပြပါတယ်။
ဘိန်းမဲ ရှူတဲ့ ဦးလေးတစ်ယောက် ပြောပြတာက “ဦးလေး ဘောင်းဘီအိတ်ထဲက ရှူနေကျ ဘိန်း မိလို့ဆိုပြီး ဦးလေးမှာရှိတဲ့ ယွမ်ငွေနှစ်သောင်းလောက်ဟာကိုပါ သိမ်းသွားတယ်ဗျာ။ လူဖမ်းမသွားတာ ကံကောင်းတယ်လို့ပဲ ပြောရမှာပဲ” လို့ ဆိုပါတယ်။
တန့်ယန်းမြို့မှာ အဆိုးရွားဆုံးက လောင်းကစားပါ။ ဆယ်နှစ်လရာသီ ပွဲခေါင်းစဉ်တပ်၊ ဘာသာရေးပွဲခေါင်းစဉ်တပ်ပြီး လောင်းကစားမျိုးစုံကို သက်ဆိုင်ရာအဖွဲ့တွေက အခွန်အခမျိုးစုံ ကောက်ပြီး ပေါ်တင် ထည့်သွင်းကျင်းပခွင့် ပေးနေပါတယ်။
ပွဲချိန်မဟုတ်ရင်လည်း ဘောလုံးနဲ့ နှစ်လုံးသုံးလုံးချဲအပြင် ငမန်းခုံ လောင်းကစားရုံ၊ ဖဲနဲ့လေးကောင်ဂျင်လို လောင်းကစားဝိုင်းတွေကို လိုင်းကြေး ကောက်စားပြီး ပေါ်တင် လုပ်ခွင့်ပေးနေတာကို လူတိုင်း မြင်တွေ့သိမြင်နေကြတာပါ။
“ပြီးခဲ့တဲ့ နှစ်ပတ်လောက်က ရပ်ကွက်ထဲမှာ ချဲရောင်းတဲ့ အမျိုးသမီးကြီးတစ်ယောက်ကို တိုင်တဲ့သူရှိလို့ဆိုပြီး လာဖမ်းသွားတယ်။ နောက်ရက်ကျ ချက်ချင်း ရမန်ယူပြီး တရားရုံးတင် တရားစွဲလိုက်ကြတယ်။ အခု တရားရင်ဆိုင်နေရတယ်။ သူ့ခမျာ လင်မရှိ မုဆိုးမဘဝနဲ့ ရှာစားနေတာဗျာ။ တစ်လောကလုံး ချဲ ရောင်းနေကြတာမို့ ဖမ်းမယ်ဆို အကုန်တရားခံပဲလေ။ ပြီးခဲ့တဲ့ တရုတ်နှစ်သစ်ကူးပွဲမှာတော့ လောင်းကစားပွဲတွေ အကြီးအကျယ် ထည့်လုပ်ကြတယ်။ တိုင်တဲ့သူရှိရင် ဖမ်းမယ်လို့သာ ပြောကြတာ အခု ကျနော် သွားတိုင်ကြည့်ပါလား။ ဒီကောင် လာတိုင်တာလေဆိုပြီး ကျနော့်ကို ဝိုင်းသမကြမှာ အမှန်မို့ မတိုင်ရဲပါဘူး။ ဥပဒေဆိုတာ သူတို့ပါးစပ်ဖျားမှာပဲရှိလို့ ဘာမှပြန်မလုပ်နိုင်တဲ့ သာမာန် မရှိဆင်းရဲသားတွေအဖို့ မတရားလည်း ဒီအတိုင်း ရေငုံနှုတ်ပိတ်နေကြရတာပါပဲ” လို့ ရပ်ကွက်(၁၀)မှာ နေထိုင်တဲ့ အမျိုးသားတစ်ဦးက ပြောပါတယ်။
လောင်းကစားပွဲတွေ ကျင်းပတဲ့အခါ ပွဲဆွဲတဲ့ဒိုင်ချုပ်တွေက သိန်းရာချီ ထောင်ချီ အကုန်အကျခံပြီး သက်ဆိုင်ရာအသီးသီးကို လာဘ်ထိုးရပါတယ်။ ပြီးရင်ဒိုင်ငယ်တွေဆီမှာ လောင်းကစားခုံတစ်ခုံကို သိန်းလေးငါးဆယ် ပြန်ကောက်တာပါ။
တခြားစားသောက်ဆိုင်၊ ဈေးဆိုင်နဲ့ကလေးကစားစရာ ပျော်ပွဲရွှင်ပွဲလုပ်တဲ့ ဆိုင်တွေဆီကလည်း အခွန်အခ ပြန်ကောက်ပါတယ်။ ဆိုင်ကယ်နဲ့ ကား ရပ်နားတဲ့နေရာကနေလည်း ငွေ ကောက်နေကြပါတယ်။ ပွဲတစ်ပွဲ ကျင်းပရင် လောင်းကစားခုံပေါင်း ရာချီရှိပြီး ဈေးဆိုင်တန်းနဲ့ဆိုရင် မနည်းမနှော အမြတ်အစွန်း ရကြပါတယ်။
“လောင်းကစားပွဲတစ်ပွဲလုပ်ရင် ဒိုင်ချုပ်နဲ့ အရင်းမစိုက်ရတဲ့ သက်ဆိုင်ရာ ဌာနဆိုင်ရာတွေပဲ ငွေထုပ်ပိုက် ပြန်ကြတာ။ ဒိုင်ငယ် ခုံငယ်လေးတွေက အခွန်သိန်းလေးငါးဆယ်ကိုသွင်းဖို့ အရင်ရှာကြရတယ်။ ခုံက အမြတ်ရရင်တော့ အခွန်ဖိုး ကြေပြီး စားလောက်သောက်လောက်ရုံလောက်ပဲ ကျန်တာပါ။ တချို့ပွဲတွေဆိုရင် အခွန်ဖိုးတောင် မကြေလို့ ရှုံးရပေါင်းလည်း များခဲ့ပါတယ်။ သူတို့ကို အရင်ရှာကျွေးပြီး ကျန်တဲ့ဟာကျမှ ကိုယ့်အတွက် ကျန်မှာလေ။ ဒါပဲ လုပ်စားတတ်တော့လည်း မတတ်နိုင်ဘူးပေါ့” လို့ ခြောက်ကောင်ဂျင် ဖွင့်လှစ်သူတစ်ဦးက ပြောပြပါတယ်။
ဒီလိုငွေပေါက်ရလမ်းရှိတဲ့ နေရာတွေဆီမှာသာ အရေးတယူ ဝင်ထွက်လုပ်ကိုင်ပေးနေကြပေမဲ့ တခြားစစ်မက်ဖြစ်ပွားတဲ့ အရပ်ဒေသတွေဆီကလာတဲ့ ခိုးဆိုးလုယက်မှုအပါအဝင် ဒေသတွင်းက လူဆိုး သူခိုး ဒုစရိုက်သမားရဲ့ ရန်တွေကို ဖမ်းဆီးပေးတာ ကာကွယ်ပေးတာကို ဘယ်အဖွဲ့အစည်းကမှ ဂရုတစိုက်နဲ့ လိုက်ပါဆောင်ရွက်ပေးတာ မရှိတော့ ဒုစရိုက်သမားတွေ ပိုပြီးအတင့်ရဲလာကြပါတယ်။ လူထုရဲ့ စည်းစိမ်တွေပါမက အသက်တွေကိုပါ အလွယ်တကူ အန္တရာယ်ပြုလာကြတာတွေအထိ ဖြစ်ပွားလာပါတယ်။
“သေနတ်တွေကလည်း ပေါလာလိုက်တာ ပြီးခဲ့တဲ့နှစ်က ဈေးသစ်ထဲက ရွှေဆိုင်တစ်ဆိုင်ကို နေ့ခင်းကြောင်တောင်ကြီး ဓားပြ ဝင်တိုက်တာ ရွှေတွေလည်း ယူသွားတဲ့အပြင် လူကိုပါ သေနတ်နဲ့ပစ်သတ်သွားတယ်။ အခုချိန်ထိ တရားခံ မပေါ်ဘူး။ ဟော ဒီနှစ်ကျပြန်လည်း နောက်ထပ်ရွှေဆိုင်တစ်ဆိုင် သေနတ်နဲ့ ဓားပြ ထပ်တိုက်ခံရပြန်တယ်။ လူမသတ်သွားပေမဲ့ ရွှေတွေ ပါသွားတယ်။ အဲထဲကတစ်ယောက်ကို ဈေးသူဈေးသားတွေ လိုက်ဝိုင်းဖမ်းလို့ ဖမ်းမိခဲ့တာ။ သေနတ်ကိုင်တဲ့ အခြားသူတွေကို မမိလိုက်တာ အခုချိန်ထိပဲ။ တခြားလုယက်မှုတွေ ခိုးမှုတွေ ဓားပြမှုတွေ သေနတ်နဲ့ပစ်သတ်သွားတဲ့ လူသတ်မှုတွေ အများကြီး ဖြစ်ခဲ့သေးတယ်။ ဘာတစ်ခုမှ မိသံ မကြားရဘူး။ လူထုက ဘယ်အဖွဲ့ကို အားကိုးရမလဲ မသိတော့ဘူး” လို့ ဈေးအတွင်းမှာ ဈေးရောင်းသူတစ်ဦးက ပြောဆိုလာပါတယ်။