မိုင်းပန်ပျော်၊ ဖေဖော်ဝါရီ ၂၆ ရက်၊ နမ့်ဆန်
တအာင်းဒေသက ကျေးရွာတွေမှာ အသက် ၅ နှစ်အောက် ကလေးနဲ့ အရေးပေါ် ကလေးမွေးဖွားတဲ့မိခင်၊ ကိုယ်ဝန်ဆောင် မိခင်တွေကို အရေးပေါ်ဆေးရုံတက်ဖို့ လိုအပ်လာရင် တအာင်းကျန်းမာရေး အဖွဲ့အစည်း- THO က ဆေးရုံတက် ကုန်ကျစရိတ်နဲ့ စားစရိတ် ခရီးစရိတ်ကို ထောက်ပံ့ပေးမယ်လို့ THO က ထုတ်ပြန်လာပါတယ်။
၂၀၂၅ ခုနှစ် ဇန်နဝါရီလကနေ ဒီဇင်ဘာလအထိ တအာင်းဒေသဖြစ်တဲ့ နမ့်ဆန်၊ မန်တုံ၊ နမ္မတူ၊ ကွတ်ခိုင်နဲ့ လားရှိုး၊ တန့်ယန်း မြို့နယ်က ကျေးရွာပိုင်းတွေ ပါဝင်တယ်လို့ THO ရဲ့ တာဝန်ရှိသူတစ်ဦးက ရွှေဖီမြေကိုပြောပါတယ်။
“အဓိကကျတော့ အရေးပေါ်ပေါ့နော်။ အရေးပေါ်ဖြစ်မှ ကျမတို့ ပေးတာ။ ဒီငါးနှစ်အောက်ကော ကိုယ်ဝန်ဆောင် ကလေးမွေးမယ့် မိခင်တွေကော သူတို့က ဆေးရုံဆင်းတဲ့စာအုပ်မှာ အန္တရာယ် ရှိနိုင်တယ်ဆိုတဲ့ လက္ခဏာပါရင် ကျမတို့ ထောက်ပံ့ပေးလို့ ရတယ်။ ပြီးရင် တစ်ကယ်လို့ ထောက်ပံ့ကြေးလာထုတ်တယ်ဆိုရင် သူတို့ရဲ့ မှတ်ပုံတင် နံပါတ်တွေ ပါရင်ကို အဆင်ပြေပြီ။ အဓိကကတော့ ရွာပိုင်းတွေကို ထောက်ပံ့ပေးတာပေါ့နော်။ တစ်ကယ့် ရွာထဲမှာနေတဲ့ တစ်ကယ် အခက်အခဲ ကြုံနေရတဲ့လူတွေကို အရေးပေါ် ဖြစ်တဲ့လူတွေကိုပဲ ထောက်ပံ့ပေးတာ ဖြစ်ပါတယ်”
ဒီထောက်ပံ့ကြေးဟာ လူမျိုးဘာသာမရွေး အကျုံးဝင်ပြီး ထောက်ပံ့ကြေး လာထုတ်ဖို့လိုအပ်ရင် အဆိုပါမြို့နယ်မှာရှိတဲ့ THO ရဲ့ ဆေးပေးခန်းနဲ့ Facebook Page စာမျက်နှာမှာ ချိတ်ဆက်ပြီး ထောက်ပံ့ကြေး ထုတ်ယူလို့ရကြောင်း ၎င်းက ဆက်ပြောပါတယ်။
ထောက်ပံ့ကြေး လာထုတ်တဲ့အချိန်မှာ မှတ်ပုံတင်အပြင် ကျေးရွာအတွင်း နေထိုင်သူ ဖြစ်ရမှာဖြစ်ပြီး ဆေးရုံဆင်းတဲ့ စာအုပ်နဲ့ ဆေးဘောင်ချာတွေလည်း ယူဆောင်လာရမှာဖြစ်တယ်လို့ ၎င်းက ဆက်ပြောပါတယ်။
အခုလို ထောက်ပံ့ကြေး ထုတ်ပေးတာဟာ ရွာပိုင်းမှာ အခက်အခဲ ကြုံရပြီး ဆေးကုသဖို့ မတတ်နိုင်သူ၊ ကလေး သေဆုံးမှုနှုန်းနဲ့ မိခင် သေဆုံးမှုနှုန်းကို လျှော့ချဖို့အတွက် ရည်ရွယ်ပြီး THO က ထောက်ပံ့ကြေး ပေးရခြင်းဖြစ်တယ်လို့ ပြောပါတယ်။
THO ဟာ တအာင်းဒေသ မန်တုံ၊ တန့်ယန်း၊ လားရှိုးနဲ့ ကွတ်ခိုင်မှာ ဆေးပေးခန်း ဖွင့်လှစ်ပြီး ကျန်းမာရေးဝန်ဆောင်မှု ပေးနေတဲ့ အဖွဲ့အစည်း ဖြစ်ပါတယ်။