ရွှေဖီမြေ၊ ဖေဖော်ဝါရီ ၂၄ ရက်၊ မြဝတီ
ထိုင်း-မြန်မာနယ်စပ်ရှိ မြဝတီ၊ ရွှေကုက္ကိုလ်နဲ့ KK park စတဲ့နေရာမှာရှိတဲ့ အွန်လိုင်း ငွေလိမ်ဂိုဏ်းမှာ လုပ်ကိုင်နေသူ (၂,၂၀၀)ကျော်ကို ဖမ်းဆီးနိုင်ခဲ့တယ်လို့ စစ်ကောင်စီက မနေ့ ဖေဖော်ဝါရီ ၂၃ ရက်မှာ သတင်းထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၃၀ ရက်ကနေ ဖေဖော်ဝါရီ ၂၃ ရက်အထိ ၃ ပတ်ကျော်အတွင်း အွန်လိုင်း ငွေလိမ်ဂိုဏ်းမှာ လုပ်ကိုင်နေသူ (၂,၂၂၀)ဦးကို ဖမ်းဆီးနိုင်ခဲ့ပြီး အဲဒီထဲက နိုင်ငံခြားသား ၆၇၀ ကျော်ကို ထိုင်းနိုင်ငံဘက် လွှဲပြောင်းပေးခဲ့ပြီ ဖြစ်တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီအနေနဲ့ နယ်စပ်ဒေသရှိ အွန်လိုင်း ငွေလိမ်ဂိုဏ်းတွေကို အိမ်နီးချင်းနိုင်ငံနဲ့ ပူးပေါင်းပြီး တိုက်ဖျက်သွားမယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၅ ရက်မှာ ထိုင်း-မြန်မာ နယ်စပ်ရှိ တာချီလိတ်၊ မြဝတီနဲ့ ဘုရားသုံးဆူမြို့ကို ထိုင်းဘက်က ဖေဖော်ဝါရီ ၅ ရက်ကစပြီး စက်သုံးဆီနဲ့ လျှပ်စစ်မီး ဖြတ်တောက်ခဲ့ပါတယ်။
စက်သုံးဆီနဲ့ လျှပ်စစ်မီးကို ဖြတ်တောက်ပြီးနောက် ကရင်-ထိုင်းနယ်စပ်မှာ လှုပ်ရှားတဲ့ ကရင် နယ်ခြားစောင့်တပ်- BGF နဲ့ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော်- DKBA က အွန်လိုင်း ငွေလိမ်ဂိုဏ်းမှာ လူကုန်ကူးခံရတဲ့ နိုင်ငံခြားသားတွေကို ထိုင်းနိုင်ငံဘက် ဒီရက်ပိုင်း ပြန်လည် လွှဲပြောင်းပေးခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၂ ရက်မှာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးတို့ တွေ့ဆုံစဉ် စစ်ကောင်စီအနေနဲ့ အွန်လိုင်း ငွေလိမ်ဂိုဏ်းတွေကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် ခံယူကာ ပြတ်ပြတ်သားသား ဆောင်ရွက်သွားမယ်လို့ ပြောဆိုခဲ့ပါတယ်။