မိုင်းရူပ၊ ဖေဖော်ဝါရီ ၂၃ ရက်၊ ဟိုပန်
“ဝ”ပြည် သွေးစည်းညီညွတ်ရေး တပ်မတော်- UWSA ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် ဟိုပန်မြို့မှာ ကျားဖြန်လုပ်ကိုင်သူ ၁၀၀ ကျော် ဖမ်းဆီးရမိခဲ့တယ်လို့ ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၀ ရက်က ဟိုပန်မြို့ မိန်းပန်း(ရှမ်း) ရပ်ကွက်ထဲရှိ ကျားဖျန်လုပ်ငန်းတစ်ခုကို UWSA တပ်ဖွဲ့က ဝင်ရောက် စီးနင်းခဲ့ရာ ကျားဖြန်လုပ်ကိုင်သူ ၁၀၅ ဦးနဲ့ ကျားဖြန်ရုံအတွင်း အသုံးပြုတဲ့ပစ္စည်းတွေကို သိမ်းဆည်းရမိခဲ့ပါတယ်။
UWSA အနေနဲ့ “ဝ”ဒေသအတွင်း ကျားဖြန်ဂိုဏ်းတွေကို ပပျောက်တဲ့အထိ လုပ်ဆောင်သွားမယ်လို့ UWSP/UWSA ရဲ့ လားရှိုးမြို့အခြေစိုက် ပြင်ပဆက်ဆံရေးရုံး တာဝန်ခံ ဦးညီရန်းက ရွှေဖီမြေကို ပြောပါတယ်။
“ဝပြည်အတွင်း ကျားဖြန့် ကင်းစင်တဲ့အထိ ဆက်လက် လုပ်သွားပါမယ်။ ဖမ်းမိသူများကို တရုတ်သို့ လွှဲပြောင်းပေးဖို့ လုပ်နေပါတယ်”
ဟိုပန်မြို့ဟာ ၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း UWSA က ညီနောင်မဟာမိတ် ၃ ဖွဲ့ဆီကနေ လွှဲပြောင်းရယူခဲ့တဲ့မြို့လည်း ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် နိုဝင်ဘာလထဲမှာလည်း ရှမ်းမြောက် တန်းယန်းမြို့နယ်ရှိ ကျားဖြန်လုပ်ကိုင်သူ ၁ ထောင်ကျော်ကို UWSA က ဖမ်းဆီးရမိခဲ့ပြီး တရုတ်နိုင်ငံသား ၇၆၂ ဦးကို တရုတ်ထံ လွှဲပြောင်းပေးခဲ့ပါတယ်။
စစ်ကောင်စီတပ်ဘက်ကလည်း တရုတ်ရဲ့ ဖိအားကြောင့် ထိုင်း-မြန်မာနယ်စပ်အပါအဝင် ရှမ်းအရှေ့ တာချီလိတ်၊ ရှမ်းမြောက် မိုင်းရယ်မြို့နယ်ထဲက ကျားဖြန်ရုံတွေကို လိုက်လံ စီးနင်းတာတွေ ပြုလုပ်နေပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၃၀ ရက်ကနေ ဖေဖော်ဝါရီ ၁၆ ရက်အထိ ၂ ပတ်ကျော်အတွင်း အွန်လိုင်း ငွေလိမ်ဂိုဏ်းတွေမှာ လုပ်ကိုင်နေသူ (၁,၀၃၀)ဦးကို ဖမ်းဆီးနိုင်ခဲ့တယ်လို့ စစ်ကောင်စီက ဖေဖော်ဝါရီ ၁၇ ရက်မှာ သတင်းထုတ်ပြန်ထားပါတယ်။