အင်းငယ်၊ ဖေဖော်ဝါရီ ၂၂ ရက်၊ ဟိုပုံး
ရှမ်းတောင် ပအိုဝ်းဒေသ ဟိုပုံးမြို့နယ်မှာ ပြည်ပရောက် လူငယ်တွေကို စစ်မှုထမ်းစာရင်း ကောက်ခံထားပြီး ပြန်မလာတဲ့သူတွေကို နေအိမ် ချိတ်ပိတ်မယ်လို့ ပအိုဝ်းပြည်သူ့စစ်- PNA က ခြိမ်းခြောက်ထားပါတယ်။
ဟိုပုံးမြို့နယ် လွယ်အွန်းရွာရှိ ဘုန်းကြီးကျောင်းမှာ မနေ့ ဖေဖော်ဝါရီ ၂၁ ရက် မနက်ပိုင်းက အစည်းအဝေး ပြုလုပ်ခဲ့ပြီး သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးမှူးတွေကို အခုလို မှာကြားခဲ့တာလို့ တက်ရောက်ခဲ့တဲ့ ရွာခံတွေက ပြောပါတယ်။
အစည်းအဝေး တက်ရောက်ခဲ့တဲ့ စစ်မှုထမ်းအကျုံးဝင်တဲ့ အုပ်ထိန်းသူတစ်ဦးက “ရွာမှာက လူမကျန်တော့ဘူး။ အရင်ကတော့ လူရတယ်လေ။ အခု လူငယ်တွေက ထိုင်းရောက်ကုန်ပြီ။ အစကတော့ လူမျိုးအတွက်ဆိုတော့ ထည့်ကြတာပေါ့။ အခု ဘယ်မိဘမှ မထည့်တော့ပါဘူး” လို့ ပြောပါတယ်။
လက်ရှိ ပြည်ပရောက် လူငယ်တွေကို စစ်မှုထမ်း ကောက်ခံနေမှုဟာ ဟိုပုံးမြို့နယ်အတွင်း ကျေးရွာအားလုံးနီးပါး ပါဝင်နေပြီး ရွာလူဦးရေအရ ခေါ်ယူမယ့် အချိုးအစားကို ပြန်အကြောင်းကြားမှာဖြစ်သလို လူစားထိုးခွင့် ရမရကတော့ မသိရသေးဘူးလို့ ဆိုပါတယ်။
လက်ရှိ ခေါ်ယူနေတဲ့ စစ်မှုထမ်း အသစ်တွေဟာ ညောင်ရွှေမြို့နယ် အင်းလေးဒေသနဲ့ ဖယ်ခုံမြို့နယ် အစပ်တွေမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲအတွက် စစ်ကူ ပို့ဆောင်ဖို့ဖြစ်ပြီး တောင်ကြီးမြို့နယ် အထူးဒေသ ၆ နဲ့ ညောင်ရွှေမြို့နယ်က ပအိုဝ်းရွာတွေမှာ စစ်သင်တန်း ပေးသွားမယ်လို့ သိရပါတယ်။
ပအိုဝ်းတပ်မတော်- PNLA ရဲ့ စစ်ဖက်ဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံက “PNO ပြည်သူ့စစ်မှာ ရှိနေတဲ့ ပအိုဝ်းတွေအနေနဲ့ သေသေချာချာ စဉ်းစားကြပါ သုံးသပ်ကြပါ။ ကိုယ့်လူမျိုးကို ဒီလိုမျိုး သတ်ဖြတ်နေရတာ တန်သလားပေါ့နော်။ ပအိုဝ်းလူမျိုးမဟုတ်တဲ့ အစုအဖွဲ့တစ်ခုရဲ့ ခေါင်းဆောင်၊ ခရိုနီ နေဝင်းထွန်းအတွက် ကိုယ့်ပအိုဝ်းလူမျိုးကို ကိုယ်ပြန်သတ်ဖြတ်နေရတာ ကိုယ့်ပအိုဝ်းကျေးရွာကို ကိုယ် ပြန်ဖျက်ဆီးနေရတာ လိပ်ပြာလုံလုံ လိပ်ပြာသန့်သန့်နဲ့ လုပ်နိုင်ကြသလား သေချာစဉ်းစားကြပါ။ အမှန်တရားကို မြင်ကြပါလို့ ပြောချင်တယ်” လို့ ပြောပါတယ်။
အလားတူ ၂၀၂၄ ခုနှစ် မေလပိုင်းကလည်း တောင်ကြီးမြို့နယ် ကျောက်တစ်လုံးကြီးမြို့နယ်ခွဲက ကျေးရွာအားလုံးမှာ ပြည်ပရောက် လူငယ်တစ်ဦးကို စစ်မှုထမ်း လူစားထိုးစရိတ် ၃ သိန်း ကောက်ခံခဲ့ဖူးပါတယ်။
၂၀၂၅ ခုနှစ်အတွင်း ညောင်ရွှေနဲ့ ဖယ်ခုံမြို့နယ်အစပ်က ကျေးရွာတွေမှာ စစ်ကောင်စီတပ်၊ PNA ပူးပေါင်းတပ်နဲ့ တော်လှန်ရေး အင်အားစုတွေအကြား တိုက်ပွဲ ပြင်းထန်နေပြီး အသစ် ခေါ်ယူတဲ့ PNA တပ်ဖွဲ့ဝင် အကျအဆုံး များနေတယ်လို့ မြေပြင်အရင်းအမြစ်တွေဆီကတဆင့် သိရပါတယ်။