ခိုင်လေး၊ ဖေဖော်ဝါရီ ၂၂ ရက်၊ မင်းလှ
ပဲခူးတိုင်း သာယာဝတီခရိုင် မင်းလှမြို့နယ်အတွင်းက ကျေးရွာတွေမှာ ဒေသခံဆီကနေ စစ်မှုထမ်းကြေးဆိုပြီး လိုက်ကောက်နေတဲ့ အုပ်ချုပ်ရေးမှူးနဲ့ ပျူစောထီးကို သာယာဝတီခရိုင် တပ်ရင်း(၃၈၀၂) တပ်ခွဲက လိုက်လံတိုက်ခိုက်လို့ ၅ ဦး သေဆုံးခဲ့ပါတယ်။
မင်းလှမြို့နယ် ထောက်ကြန့်အုပ်စုမှာ ဒေသခံဆီကနေ စစ်မှုထမ်းကြေး ကောက်နေတဲ့ ဆားချောင်းရွာနေ အုပ်ချုပ်ရေးမှူးနဲ့ ပျူစောထီးတစ်ဦးကို သာယာဝတီခရိုင် တပ်ရင်း(၃၈၀၂) တပ်ခွဲ(၂)က ထပ်မံတိုက်ခိုက်ခဲ့တာကြောင့် နှစ်ဦးစလုံး သေဆုံးခဲ့တယ်လို့ သာယာဝတီခရိုင် PDF မှ တာဝန်ရှိသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
အုပ်ချုပ်ရေးမှူး ဝင်းလှိုင်ရှိတဲ့ ရွာအနောက်ပိုင်းနဲ့ ပျူစောထီး ဇော်မင်းထွန်းရှိတဲ့ ရွာအရှေ့ပိုင်းကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၀ ရက် ည ၇ နာရီခွဲကျော်မှာ ရဲဘော်တွေက ၂ ဖွဲ့ ခွဲပြီး သွားရောက် တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
“ပျူစောထီး ကတုံးကို သွားရှင်းတော့ သူ့အိမ်မှာတင် တွေ့လို့ တစ်ခါတည်း ရှင်းနိုင်တယ်။ အုပ်ကြီး ဝင်းလှိုင်က အိမ်မှာ မရှိဘဲ သူ့တစ်အိမ်ကျော်က မင်္ဂလာဆောင် ရောက်နေတာ။ အုပ်ကြီးကို တွေ့ချင်လို့ ပြောတာကြောင့် သူ့သမီးက သွားခေါ်ပါတယ်။ အုပ်ကြီး မင်္ဂလာဆောင်အိမ်ကနေ သူ့အိမ်ကို ပြန်လာတုန်း ကြားထဲက အိမ်ရှေ့မှာ ရှင်းလိုက်တာ” လို့ သာယာဝတီခရိုင် PDF မှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
အုပ်ချုပ်ရေးမှူး ဝင်းလှိုင်နဲ့ ပျူစောထီး ဇော်မင်းထွန်းဆိုသူနှစ်ယောက်ကို သာယာဝတီခရိုင် PDF ရဲဘော်တွေက တစ်ပြိုင်တည်း တိုက်ခိုက်ခဲ့တာဖြစ်ပြီး အုပ်ချုပ်ရေးမှူး ဝင်းလှိုင် ကိုင်ဆောင်တဲ့ လက်လုပ်သေနတ် ၁ လက်၊ ကျည် ၁၀ တောင့်ကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။
လူငယ်တွေကို စစ်မှုထမ်းဖို့ ဖိအားပေးတာ၊ စစ်မှုထမ်းကြေးဆိုပြီး ဒေသခံဆီကနေ ငွေ အတင်းအကြပ် ကောက်ခံတာ၊ မပေးနိုင်သူတွေကိုတော့ စစ်တပ်ကို ဖမ်းဆီးခိုင်းတာ၊ စစ်ကောင်စီတပ် ထုတ်ပေးထားတဲ့ လက်နက်နဲ့ ဒေသခံတွေကို ခြိမ်းခြောက်နေတာကြောင့် အရေးယူရတာလို့ ဆိုပါတယ်။
ဒေသခံနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကို ဒုက္ခပေးနေတဲ့ စစ်တပ်နဲ့ ၎င်းရဲ့ ထောက်တိုင်တွေကို အရှိန်မြှင့် တိုက်ခိုက်သွားမှာ ဖြစ်တာကြောင့် ဒေသခံတွေအနေနဲ့ စစ်တပ်အနီး သွားလာနေထိုင်တာတွေ မပြုလုပ်ကြဖို့လည်း အသိပေးထားပါတယ်။