ပျားကြီး၊ ဖေဖော်ဝါရီ ၂၁ ရက်၊ မန္တလေး
မန္တလေးမြို့ မဟာအောင်မြေမြို့နယ်က KBZ ဘဏ်ခွဲ ၃၇ မှာ တစ်ကိုယ်တော် ဓားပြတိုက်မှုတစ်ခု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မန္တလေးတက္ကသိုလ်အနီး လမ်း ၄၀ နဲ့ ၄၁ လမ်းကြား ၇၃ လမ်းပေါ်က KBZ ဘဏ်ကို ဒီနေ့ ဖေဖော်ဝါရီ ၂၁ ရက် နေ့လယ် ၁ နာရီခွဲဝန်းကျင်က သေနတ်သမားတစ်ဦးက ဓားပြတိုက်ခဲ့တာ ဖြစ်ပါတယ်။
“ဘယ်သူမှ မသိလိုက်ဘူး။ ပြီးသွားမှ တော်တော်ကြာမှ ဓားပြတိုက်ခံရတယ်ဆိုတာ ကြားရတာ။ အရင်တစ်ခေါက်တုန်းကရပ်ကွက်က ဝိုင်းဖမ်းလို့ မိတယ်။ ဒီတစ်ခေါက်တော့ ဘယ်သူမှ မသိလိုက်တော့ မမိတော့ဘူး။ တော်တော်များများ ပါသွားတယ်လို့ ကြားတယ်” လို့ ဘဏ်အနီးမှာနေထိုင်သူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
ဆိုင်ကယ် စီးလာသူ သေနတ်သမားဟာ ဘဏ်အတွင်း ရှိနေချိန်နဲ့ ပြန်လည် ထွက်ခွာချိန်အထိ တည်တည်ငြိမ်ငြိမ် ရှိနေခဲ့ပြီး ဘဏ်လုံခြုံရေး ဝန်ထမ်းတစ်ဦးကလည်း ငွေထုပ်ကို သယ်ယူပြီး သေနတ်သမားနောက်ကို အေးအေးဆေးဆေး လိုက်လံပို့ဆောင်ပေးနေတာကို ဘဏ်ရဲ့ CCTV မှတ်တမ်းထဲ မြင်တွေ့ရတယ်လို့ မျက်မြင်တွေ့ခဲ့ရသူတစ်ဦးက ဆိုပါတယ်။
ဓားပြတိုက်ခံရမှုကြောင့် ကျပ်သိန်းပေါင်း (၁,၅၀၀)ကျော် ဆုံးရှုံးခဲ့ရတယ်လို့ ဘဏ်နဲ့နီးစပ်သူတွေက ပြောဆိုပေမဲ့ လတ်တလောအတည်ပြုနိုင်မှုတော့ မရှိသေးပါဘူး။
ဓားပြတိုက်ခံရပြီး မိနစ် ၂၀ ကျော်မှ စစ်ကောင်စီတပ်နဲ့ရဲ ရောက်လာပြီး အနီးအနားကို ၁၅ မိနစ်ဝန်းကျင် ပိတ်ဆို့စစ်ဆေးမှု ပြုလုပ်ခဲ့ပြီး ပြန်လည် ထွက်ခွာသွားတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
အဲဒီ KBZ ဘဏ်ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၁ ရက် နေ့လယ် ၂ နာရီဝန်းကျင်မှာပဲ အလားတူ တစ်ကိုယ်တော် သေနတ်သမားက ဝင်ရောက် ဓားပြတိုက်မှုတစ်ခု ကျူးလွန်ခဲ့ပေမဲ့ ဒေသခံတွေက ဝိုင်းဝန်းဖမ်းဆီးခဲ့ရတဲ့ဖြစ်စဥ်တစ်ခု ဖြစ်ပွားခဲ့ပါသေးတယ်။