မြတ်နိုး၊ ဖေဖော်ဝါရီ ၂၀ ရက်၊ မိုးမောက်
ဗန်းမော်မြို့အထက် မိုးမောက်မြို့နယ်ရှိ ဝက်ငင်းနဲ့ နှင်းအီရွာကို တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ကလေးငယ်အပါအဝင် ဒေသခံ အစုလိုက် အပြုံလိုက် သေဆုံးမှု ဖြစ်ပွားခဲ့ပါတယ်။
“၁၉ ရက်နေ့ မနက် ၁ နာရီခွဲဝန်းကျင်က ဝက်ငင်းရွာမှာ လေယဉ်နဲ့ ဗုံး လာကြဲသွားတာ သတင်းအမှန်ပါ။ ဝက်ငင်းရွာက မောင်ဦးတို့အိမ်ကို ထိလို့ တစ်အိမ်လုံး လူသေသွားတာ” လို့ ဒေသခံတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
တိုက်ခိုက်မှုကြောင့် ကလေးငယ်အပါအဝင် အရပ်သား ၇ ဦးနဲ့ ၂ ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ ဆိုပါတယ်။
သေဆုံးသွားသူတွေဟာ အသက် ၅၃ နှစ်အရွယ် ဦးမောင်ဦး၊ ဇနီးဖြစ်သူ ၅၆ နှစ်အရွယ် ဒေါ်အိုက်ဆောင်၊ သားဖြစ်သူ ၂၅ နှစ်ရှိ ဦးစိုင်းလျန်း၊ ချွေးမဖြစ်သူ ၂၂ နှစ်ရှိ ဒေါ်ချယ်ရီထွေး၊ သမီးဖြစ်သူ ၁၀ နှစ်ရှိ မယွန်းမီမီဆာ၊ မခွယ်ရွာက ကျောင်း လာတက်တဲ့ မြေးဖြစ်သူ ၉ နှစ်ရှိ အောင်လင်းထက်နဲ့ ၃ နှစ်ရှိ မကာလီယာတို့ ဖြစ်တယ်လို့ ပြောပါတယ်။
ဗန်းမော်မှာ စစ်တပ်က စစ်ရှုံးလာလို့ အရပ်သားတွေနေတဲ့ နေရာဘက် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တဲ့ အပြင် ဒရုန်း၊ လက်နက်ကြီးနဲ့ ရမ်းသမ်း ပစ်ခတ်တာတွေ မကြာခဏ လုပ်နေတယ်လို့ ဒေသခံတွက ပြောပါတယ်။
ဗန်းမော်မြို့မှာတော့ မနေ့ ဖေဖော်ဝါရီ ၁၉ ရက်အထိ တိုက်ပွဲ ပြင်းထန်နေဆဲဖြစ်ပြီး ဖေဖော်ဝါရီ ၁၇ ရက်ကလည်း ထိတွေ့တိုက်ပွဲ ဖြစ်ပွားခြင်းမရှိတဲ့ စင်းခန်းနဲ့ ဗန်းမော်တစ်ဖက်ကမ်းရှိ ပါပေါင်း၊ ငှက်ပျောတော၊ သဖန်းပင်၊ မြစေတီရွာဘက် ဗုံးကြဲ တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။