ဓာတ်ပုံ – မင်းဘူးခရိုင် အမှတ်(၆)တပ်ရင်း

ခိုင်လေး၊ ဖေဖော်‌ဝါရီ ၁၉ ရက်၊ ဖွင့်ဖြူ

မကွေးတိုင်း မင်းဘူးခရိုင် ပွင့်ဖြူမြို့က မင်းဘူးခရိုင် အမှတ်(၆)တပ်ရင်း သိမ်းပိုက်ထားတဲ့ မဲဇလီစခန်းကို စစ်ကောင်စီတပ်က ပြန်လည် သိမ်းပိုက်ပြီး မဲဇလီရွာက ဒေသခံတွေရဲ့ နေအိမ်ကိုလည်း မီးရှို့ဖျက်ဆီးသွားခဲ့တယ်လို့ မဲဇလီ ဒေသခံတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

မဲဇလီစခန်းကို ဒီနေ့မနက်အစောပိုင်းမှာ စစ်တပ်က ပြန်သိမ်းပြီးနောက် ရွာထဲ စစ်ကြောင်း ထိုးလာပြီး ဒေသခံတွေရဲ့ နေအိမ် ၄၅ လုံးကို ဒီ‌နေ့မနက် ၁၀ နာရီခွဲဝန်းကျင်မှာ မီးရှို့ခဲ့ရာ လက်ရှိအချိန်ထိ မီးလောင်နေဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။

မဲဇလီ ဒေသခံတစ်ဦးက “ဒီမနက် PDF တွေ သိမ်းထားတဲ့ မဲဇလီစခန်းကို စစ်တပ်က ပြန်လည် စစ်ကြောင်း ထိုးလာတယ်။ ရွာထဲကိုဝင်ပြီး မီးရှို့သွားတာပါ။ ရွာလုံးကျွတ်ထွက်‌ပြေးနေရတယ်။ လူဦးရေ ၁ ထောင်လောက် ရှိမယ်။ အခုတော့ မင်းဘူးခရိုင်တပ်ရင်းတွေပါ ပြန်ဆုတ်သွားပြီ” လို့ ပြောပါတယ်။

ပွင့်ဖြူမြို့နဲ့ မိုင် ၂၀ ကွာဝေးတဲ့ မဲဇလီစခန်းကို ပြီးခဲ့တဲ့ ဇန်နဝါရီ ၃၁ ရက်က မင်းဘူးခရိုင် အမှတ်(၆)တပ်ရင်းနဲ့ မဟာမိတ် ပူးပေါင်းတပ်ဖွဲ့က သိမ်းပိုက်ရရှိခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်ကလည်း မဲဇလီစခန်းဘက် စစ်ကူလာတဲ့ စစ်တပ်ကို မဒဲကုန်းရွာအနီးမှာ မဟာမိတ် ပူးပေါင်းတပ်ဖွဲ့က ကြားဖြတ်တိုက်ခိုက်ခဲ့ရာ မဲဇလီရွာ ဝန်းကျင်ကို ဗုံးကြဲတိုက်ခိုက်ခဲ့ကာ မဒဲကုန်းရွာကိုလည်း မီးရှို့ခဲ့ပါတယ်။

ပွင့်ဖြူမြို့နယ်အတွင်းမှာရှိတဲ့ ကျေးရွာတွေမှာ စစ်တပ်က လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်တာ၊ လေယာဉ်နဲ့ ဗုံးကြဲတာတွေပြုလုပ်နေတာကြောင့် ဒေသခံ ၁ သောင်းကျော် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဆိုပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

You May Also Like

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

ကိုးကန့်တပ် ထိန်းချုပ်ဒေသမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်ဝိုင်ဖိုင်တွေ ပိုအသုံးပြုလာ

ကိုးကန့်တပ်- MNDAA ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်အင်တာနက်လိုင်းတွေ အသုံးပြုလို့ ပိုအဆင်ပြေတာကြောင့် မြန်မာဆင်းကတ်အစား တရုတ်ဆင်းကတ်တွေကို ပိုအသုံးပြုလာနေကြတယ်လို့ ရွှေဖီမြေက စုံစမ်းသိရပါတယ်။

မင်္ဂလာဆောင်အတွက် တင်တောင်းဖို့သွားတဲ့ မိုင်းငေါ့ဒေသခံ ၂ ဦး နောင်ချိုမှာ ၂ လကြာ ပျောက်ဆုံးနေ

တအာင်းတပ် ထိန်းချုပ်ရာ ကျောက်မဲမြို့နယ် မိုင်းငေါ့ဒေသခံ ၂ ဦးက မင်္ဂလာဆောင်အတွက် တင်တောင်းဖို့ နောင်ချိုဘက် သွားရာကနေ ပျောက်ဆုံးနေပြီး ၂ လ ကြာတဲ့အထိ အဆက်အသွယ် မရသေးကြောင်း မိသားစုဝင်ရဲ့ ပြောပြချက်အရ သိရပါတယ်။