ဓာတ်ပုံ – အင်းလေး လူ့အခွင့်အရေးအဖွဲ့

အင်းလေး၊ ဖေဖော်ဝါရီ ၁၉ ရက်၊ ညောင်ရွှေ

ရှမ်းတောင် ညောင်ရွှေမြို့နယ် အင်းလေးဒေသမှာ စစ်ကောင်စီတပ်၊ ပအိုဝ်းပြည်သူ့စစ်- PNA ပူးပေါင်းတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် စစ်ရှောင် ၃ ထောင်ကျော်အထိ ရှိလာပြီလို့ ဒေသတွင်း ကူညီဆောင်ရွက်ပေးနေတဲ့ အဖွဲ့အစည်းတွေက ပြောပါတယ်။

အဲဒီ စစ်ဘေးရှောင်တွေဟာ ဇန်နဝါရီလ နောက်ဆုံးအပတ်က စစ်တပ်ရဲ့ ထိုးစစ်ဆင်မှုကြောင့် တိမ်းရှောင်လာသူဖြစ်ပြီး ဖေဖော်ဝါရီလ ဒုတိယပတ်အတွင်း နောက်ထပ် တိုးလာတဲ့ လူဦးရေလည်း ပါဝင်တယ်လို့ ဆိုပါတယ်။

စစ်ဘေးရှောင်အရေး ကူညီပေးနေတဲ့ တက်ကြွလှုပ်ရှားသူတစ်ဦးက “လူကတော့ မကျန်သလောက်ပဲ။ ရှေ့ပတ်က တော်တော် ထွက်သွားကြတာ။ တော်တော်များများက တောထဲ ရှောင်ကြတယ်။ ကုန်းလမ်းကတော့ စစ်တပ်ဖက်က ပိတ်ထားတယ်။ ရေလမ်းကနေ အင်းထဲ ရှောင်ကြတာလည်း ရှိတယ်” လို့ ပြောပါတယ်။

လက်ရှိမှာ အင်းလေးတောင်ပိုင်းရှိ စံကား၊ ရေပူ၊ ဘုရားတောင်၊ ညောင်လေးပင်ကျေးရွာခံတွေဟာ တိမ်းရှောင်နေကြရပြီး ပင်လောင်းနဲ့ ဖယ်ခုံမြို့နယ်အစပ်က ကျေးရွာတချို့လည်း ပါဝင်တယ်လို့ သိရပါတယ်။

ဒါ့အပြင် ရွာလုံးကျွတ် စစ်ဘေးရှောင်နေရတဲ့ ကျေးရွာတွေမှာ စစ်တပ်က ဝင်ရောက် တပ်စွဲတာ၊ ရိက္ခာ စုဆောင်းတာတွေ ပြုလုပ်နေတာကြောင့် တိုက်ပွဲ ငြိမ်သွားတဲ့အချိန် ရောက်ခဲ့ရင်လည်း နေရပ်ပြန်ဖို့ စိုးရိမ်ပူပန်နေရတယ်လို့ ဆိုပါတယ်။

ထွက်ပြေးတိမ်းရှောင်လာသူ အမျိုးသမီး တစ်ဦးက “PNO တွေ အကျအဆုံး များလို့ စစ်ကူ တော်တော် ဖြည့်ထားတယ်။ အခုစစ်ကြောင်း ထိုးတာတွေက PNO အားကိုးနဲ့ လုပ်နေတာ။ စစ်တပ်ဖက်က လူမျိုးရေး မှိုင်းတိုက်တာပေါ့။ နင်တို့ အင်းသားတွေကို ပအိုဝ်းတွေ ပစ်နေကြပြီဆိုတာမျိုး ဝါဒဖြန့်တာပါ။ PNO ရှိသရွေ့ အင်းလေးဒေသက ပြည်သူတွေ အိပ်ကောင်းခြင်း မအိပ်ရပါဘူး” လို့ ပြောပါတယ်။

လက်ရှိ မြေပြင်အခြေအနေအရ ပင်လောင်း၊ ဖယ်ခုံ၊ ညောင်ရွှေ စတဲ့မြို့နယ် ၃ ခုရဲ့ အနီးတစ်ဝိုက်နေရာမှာ တိုက်ပွဲပြင်းထန်နေဆဲဖြစ်ပြီး စံကားအင်းနဲ့ ဖယ်ခုံအင်း အနောက်ဘက်ခြမ်းမှာ တပ်စွဲထားတဲ့ စစ်တပ်က တစ်ရက်ကို လက်နက်ကြီး ၁၅ ကြိမ်ထက်မနည်း အင်းလေးဒေသတွင်း ဦးတည်ပစ်ခတ်နေတာကြောင့် နေရပ်သို့ ပြန်မလာကြသေးဖို့ မြေပြင်အရင်းအမြစ်တွေက သတိပေးထားပါတယ်။

၂၀၂၅ ခုနှစ် နှစ်ဦးပိုင်းအတွင်း အင်းလေးဒေသနဲ့ ပင်လောင်းမြို့နယ်အစပ် ကျေးရွာတွေမှာ စစ်တပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ၂၃ နှစ်အောက်ကလေးအပါအဝင် စစ်ဘေးရှောင်နဲ့ ဒေသခံ စုစုပေါင်း ၇ ဦး သေဆုံးခဲ့ပြီး ၂၄ ဦး ပြင်းထန်ဒဏ်ရာ ရရှိခဲ့တယ်လို့ အင်းလေးဒေသ လူ့အခွင့်အရေးအဖွဲ့က ထုတ်ပြန်ပါတယ်။

ဒါ့အပြင် စာသင်ကျောင်းနဲ့ ဆေးပေးခန်း အပါအဝင် လူနေအိမ် ၃၀ နီးပါးလည်း မီးလောင်ပြာကျ ပျက်စီးခဲ့ပြီး ကျွဲ၊ နွား၊ ဝက်၊ ကြက် စတဲ့အိမ်မွေးတိရစ္ဆာန်လည်း ထိခိုက်သေဆုံးမှု ရှိတယ်လို့ သိရပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

You May Also Like

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

ကိုးကန့်တပ် ထိန်းချုပ်ဒေသမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်ဝိုင်ဖိုင်တွေ ပိုအသုံးပြုလာ

ကိုးကန့်တပ်- MNDAA ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်အင်တာနက်လိုင်းတွေ အသုံးပြုလို့ ပိုအဆင်ပြေတာကြောင့် မြန်မာဆင်းကတ်အစား တရုတ်ဆင်းကတ်တွေကို ပိုအသုံးပြုလာနေကြတယ်လို့ ရွှေဖီမြေက စုံစမ်းသိရပါတယ်။

မင်္ဂလာဆောင်အတွက် တင်တောင်းဖို့သွားတဲ့ မိုင်းငေါ့ဒေသခံ ၂ ဦး နောင်ချိုမှာ ၂ လကြာ ပျောက်ဆုံးနေ

တအာင်းတပ် ထိန်းချုပ်ရာ ကျောက်မဲမြို့နယ် မိုင်းငေါ့ဒေသခံ ၂ ဦးက မင်္ဂလာဆောင်အတွက် တင်တောင်းဖို့ နောင်ချိုဘက် သွားရာကနေ ပျောက်ဆုံးနေပြီး ၂ လ ကြာတဲ့အထိ အဆက်အသွယ် မရသေးကြောင်း မိသားစုဝင်ရဲ့ ပြောပြချက်အရ သိရပါတယ်။