အိုက်ပွီး၊ ဖေဖော်ဝါရီ ၁၅ ရက်၊ ကလေး
စစ်ကိုင်းတိုင်း ကလေးမြို့နယ်တောင်ပိုင်း သံဖိုကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ လသားအရွယ် ကလေးတစ်ဦးအပါအဝင် ချင်းလူမျိုး ၄ ဦး သေဆုံးခဲ့တယ်လို့ ဒေသခံချင်းအမျိုးသားတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။
ကလေး-ဂန့်ဂေါ ကားလမ်းမပေါ်မှာ တည်ရှိတဲ့ သံဖိုရွာကို မနေ့ ဖေဖော်ဝါရီ ၁၄ ရက် ည ၁၀ နာရီခန့်မှာ စစ်တပ်က တိုက်ပွဲ ဖြစ်ပွားတာမရှိဘဲ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
“ရွာမှာက ဘာတိုက်ပွဲမှ မရှိဘူး။ တိုက်ပွဲ မရှိလို့ တခြားကျေးရွာတွေက ပြည်သူတွေပါ ရွာမှာ စစ်ဘေးရှောင်ကြပါတယ်။ ရွာသားတွေနဲ့ စစ်ဘေးရှောင်တွေ နေတဲ့ရွာကို ဗုံးကြဲသွားတယ်” လို့ ဒေသခံ ချင်းအမျိုးသားတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။
သေဆုံးသူတွေဟာ အသက် ၈၀ အရွယ် အမျိုးသားတစ်ဦး၊ ၁၆ အရွယ် ကလေး(အမျိုးသား)တစ်ဦး၊ ၂၅ အရွယ် အမျိုးသမီးတစ်ဦးနဲ့ ၁ လသား ကလေးငယ်တစ်ဦးတို့ ဖြစ်ပါတယ်။
“အလောင်းတွေကို ဒီမနက် ၉ နာရီလောက်မှာပဲ ရွာသူရွာသားတွေက ခရစ္စယာန်ထုံးတမ်းစဥ်လာနဲ့ သဂြိုလ်လိုက်ပါပြီ” လို့ အဆိုပါ ဒေသခံ ချင်းအမျိုးသားတစ်ဦးက ရွှေဖီမြေသို့ ဆက်ပြောပါတယ်။
လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုကြောင့်ပဲ သံဖိုရွာက အထက(ခွဲ) စာသင်ကျောင်းတစ်ဆောင်အပါအဝင် အရပ်သားနေအိမ် ၆ လုံးထက်မနည်း ဗုံးစ ထိမှန်ပျက်စီးသွားတယ်လို့ သိရပါတယ်။