အိုက်ပွီး၊ ဖေဖော်ဝါရီ ၁၄ ရက်၊ ကလေး
စစ်ကိုင်းတိုင်း ကလေးမြို့နယ်တောင်ပိုင်း ကလေး-ဂန့်ဂေါ ကားလမ်းမပေါ်မှာရှိတဲ့ ကဗ္ဗနီ မြစ်ကူးတံတားက စစ်ကောင်စီတပ်စခန်းတစ်ခုကို ချင်းကာကွယ်တပ်နဲ့ ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ ရှေ့တန်း စစ်ရေးသတင်းရင်းမြစ်ဆီက သိရပါတယ်။
ကဗ္ဗနီ မြစ်ကူးတံတားက စစ်တပ်စခန်းကို ချင်းကာကွယ်ရေးတပ်နဲ့ပူးပေါင်းတပ်က ဖေဖော်ဝါရီ ၁၁ ရက် ညပိုင်းက ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီး မနေ့ ဖေဖော်ဝါရီ ၁၃ ရက် မနက်မှာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာပါ။
“ကျနော်တို့ ကဗ္ဗနီတံတားက စခန်းကို ဖေဖော်ဝါရီလ ၁၂ ရက်နေ့ ညနေ ၅ နာရီလောက်ကတည်းက သိမ်းတာပါ။ စစ်ကောင်စီတပ်ဘက်က လေကြောင်း အဆမတန် တိုက်ခိုက်လို့ ည ၈ နာရီလောက်မှာ စခန်းကနေ ပြန်ဆုတ်ပေးလိုက်ရတယ်။ မနေ့က မနက်မှာ ထပ်သိမ်းတယ်။ စစ်ကောင်စီတပ်ဘက်က တပ်ပြန်ဆုတ်သွားတယ်” လို့ ရှေ့တန်း စစ်ရေးသတင်းအရင်းမြစ်က ရွှေဖီမြေသို့ ပြောပါတယ်။
စစ်တပ်က စခန်းမကျစေရေးအတွက် ဖေဖော်ဝါရီ ၁၂ ရက် မနက်ပိုင်းကနေ မနေ့ ဖေဖော်ဝါရီ ၁၃ ရက် ညနေအထိ ဗုံးသီး အလုံးရေ ၅၀ ကျော်ကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
စခန်းသိမ်းတိုက်ပွဲမှာ စစ်တပ်နဲ့ ပျူစောထီးဘက်က ထိခိုက်သေဆုံးတာရှိပြီး လက်နက်ခဲယမ်းလည်း သိမ်းဆည်းရမိသလို ချင်းကာကွယ်ရေးတပ်နဲ့ ပူးပေါင်းတပ်ဘက်ကလည်း ထိခိုက်ကျဆုံးမူ ရှိတယ်လို့ ဆိုပါတယ်။
“CDF ရဲဘော် ငါးဦး ကျပါတယ်။ PDF ရဲဘော်တစ်ဦး ကျတယ်။ CNA ရဲဘော် ၆ ဦး၊ CDF ရဲဘော် ၁၂ ယောက်လောက် ဒဏ်ရာရတယ်။ စစ်ကောင်စီတပ်ဘက်ကလည်း အတော် ကျတယ်။ လက်နက်တွေလည်း အများကြီး သိမ်းဆည်းရတယ်” လို့ ရှေ့တန်း စစ်ရေးသတင်းအရင်းမြစ်က ရွှေဖီမြေသို့ ပြောပါတယ်။
ကဗ္ဗနီ မြစ်ကူးတံတားက စစ်တပ်စခန်းမှာ စစ်ကောင်စီတပ်ရဲ့ တပ်ခွဲ ဗိုလ်မှူးအပါအဝင် ပျူစောထီး အင်အား ၇၀ လောက် အထိုင်ချထားတဲ့စခန်း ဖြစ်တယ်လို့ သိရပါတယ်။
စခန်း ပြန်ရဖို့ စစ်တပ်ဘက်က ထိုးစစ်ဆင် တိုက်ခိုက်နေပြီး ချင်း ကာကွယ်ရေးတပ်ဘက်ကလည်း ခုခံတိုက်ခိုက်နေတာကြောင့် တိုက်ပွဲက ပြင်းထန်နေကြောင်း CDF-KKG မှ တာဝန်ရှိသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
“တိုက်ပွဲကတော့ ပြင်းထန်တုန်းပါဗျ။ စစ်တပ်ဘက်က လေကြောင်းတွေနဲ့ ပစ်ခတ်နေတာ ရှိတယ်။ ၇ ရက်နေ့ကတည်းက လေကြောင်းနဲ့ ဆက်တိုက် ပစ်ခတ်နေတာ ရှိတယ်။ တိုက်ပွဲက မပြီးသေးတော့ အသေးစိတ်အချက်အလက် မပြောနိုင်သေးဘူး”
လေကြောင်း တိုက်ခိုက်မှုကြောင့် ကဗ္ဗနီတံတား၊ ကျော်ရွာ၊ တင်သား၊ နတ်ချောင်းရွာ စတဲ့ကျေးရွာ ၁ဝ ရွာက ဒေသခံ သောင်းချီဟာ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဆိုပါတယ်။