မိုင်းရူပ၊ ဖေဖော်ဝါရီ ၁၃ ရက်၊ ညောင်ရွှေ
ရှမ်းတောင် ညောင်ရွှေမြို့နယ်ရှိ ပအိုဝ်းလူငယ် ၈၀၀ ကျော်ကို ပအိုဝ်းပြည်သူ့စစ်- PNO က အခြေခံ စစ်သင်တန်း ပေးထားပြီး စစ်သင်တန်း တက်ထားတဲ့ လူငယ်တွေအနေနဲ့ အလှည့်ကျ ကင့်စောင့်ပေးရမှာ ဖြစ်ပါတယ်။
ညောင်ရွှေမြို့နယ် သပြေကုန်းကျေးရွာအုပ်စုရှိ အသက် ၁၈ နှစ်ကနေ ၃၅ နှစ်အတွင်း လူငယ်တွေကို PNO က ခေါ်ယူခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၅ ရက်ကနေ ၁၀ ရက်အထိ ၅ ရက်ကြာ စစ်သင်တန်း ပေးခဲ့တာ ဖြစ်ပါတယ်။
“အခု PNO ခေါ်တဲ့ဟာက ပအိုဝ်းရွာတွေခေါ်ပြီး အသက် ၁၈ ကနေ ၃၅ နှစ်အထိ အကုန်လုံး တက်ရတယ်။ မသန်စွမ်းတဲ့လူကလွဲလို့ပေါ့။ အခုသင်တန်း ဆင်းတာကတော့ လူဦးရေ ၈၀၀ ကျော်တယ်” လို့ ဖြစ်စဥ်ကို သိရှိတဲ့ ပအိုဝ်းလူငယ်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
PNO က အခြေခံ စစ်သင်တန်း ပေးထားတဲ့ လူငယ်အနေနဲ့ ရပ်ရွာလုံခြုံရေးအတွက် အလှည့်ကျ ကင့်စောင်းပေးရမှာဖြစ်သလို စစ်ရေးအခြေအနေအရ လိုအပ်ရင် စစ်မှုပါထမ်းပြီး ရှေ့တန်း ထွက်ရမယ်လို့ သူက ဆက်ပြောပါတယ်။
PNO တပ်ဘက်ကလည်း ညောင်ရွှေမြို့နယ် သပြေကုန်းကျေးရွာအုပ်စုရှိ လူငယ်တွေကို အခြေခံ စစ်သင်တန်း ပေးခဲ့ကြောင်း ဖေဖော်ဝါရီ ၁၁ ရက်မှာ ထုတ်ပြန်ထားပါတယ်။
PNO တပ်ဟာ မကြာခဏဆိုသလို ၎င်းတို့ ထိန်းချုပ်ထားတဲ့ နယ်မြေမှာရှိတဲ့ လူငယ်တွေကို တပ်သားသစ် စုဆောင်းတာ ပြုလုပ်နေပြီး ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် စက်တင်ဘာလထဲ တပ်ဖွဲ့ဝင် အင်အား ၂ သောင်းကျော်ကို အခြေခံ စစ်သင်တန်း ပေးထားကြောင်း ထုတ်ပြန်ခဲ့ဖူးပါတယ်။
ဦးအောင်ခမ်းထီ ဦးဆောင်တဲ့ PNO တပ်ဖွဲ့ဟာ မြန်မာစစ်တပ် လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့ဖြစ်ပြီး စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းမှာလည်း စစ်ကောင်စီတပ်နဲ့ ပူးပေါင်းပြီး တော်လှန်ရေးအဖွဲ့အစည်းနဲ့ တိုက်ပွဲ ဖြစ်ပွားနေတဲ့အဖွဲ့ ဖြစ်ပါတယ်။