ဓာတ်ပုံ – SPM

လွေးလာဝ်ဇာရ်၊ ဖေဖော်ဝါရီ ၁၂ ရက်၊ မိုင်းဝီး

ရှမ်းမြောက် နမ့်ခမ်းမြို့နယ် မိုင်းဝီးကျေးရွာမှာ ကချင်တပ်မတော်- KIA က မီးသွေးတင်ကားတစ်စီးကို ငွေ ၂ သိန်းအထိ တောင်းခံနေတယ်လို့ မီးသွေးတင်တဲ့ ကားသမားတွေက ရွှေဖီမြေကို ပြောပါတယ်။

ဖေဖော်ဝါရီ ၁၀ ရက်ကလည်း နမ့်ခမ်းမြို့ပေါ် မီးသွေး သွားပို့တဲ့ ကားသမားတစ်ဦးဆီကနေ မိုင်းဝီးရေပူမှာစောင့်တဲ့ KIA တပ်ဖွဲ့က ဂိတ်ကြေး ၂ သိန်း တောင်းခံတာကြောင့် အခက်တွေ့နေရတယ်လို့ ကားသမားတစ်ဦးက ပြောပါတယ်။

“ပန်းကနိုင်း သွားတဲ့လမ်းမှာ အဲဘက်ဘဲ မီးသွေးဖုတ်တာ များတယ်။ အဲကနေ နမ့်ခမ်းဘက်ကို မီးသွေး သွားပို့တာ။ မိုင်းဝီးမရောက်ခင် ရေပူစမ်းမှာ စောင့်တဲ့အဖွဲ့တွေက တောင်းတာ။ အဲနေ့က ကားနှစ်စီးနဲ့။ နှစ်စီးစလုံး ပေးရတယ်။ အခုက မီးသွေး ဈေးကျနေတာ။ အဲလောက် တောင်းတာကျ ပြည်သူတွေအတွက် အဆင်မပြေဘူးလေ”

ပြီးခဲ့တဲ့ နှစ်တွေမှာ ဂိတ်ကြေး သတ်မှတ်ပြီး ကောက်ခံတာမျိုး မရှိဘူးလို့ ဆိုပါတယ်။

“ဒီဘက်ကျတော့ သတ်မှတ်ထားတာ မရှိဘူး။ အရင်ကဆိုရင် သူတို့အတွက် ဟင်းဖိုးဆိုပြီး တစ်သောင်း နှစ်သောင်း ပေးတယ်။ အခုကျတော့ ၂ သိန်း တောင်းတာဆိုတော့ မီးသွေး လုပ်တဲ့သူရော ဝယ်တဲ့သူအတွက်‌ရော အဆင်မပြေဘူး” လို့ အထက်ပါ ကားသမားက ဆက်ပြောပါတယ်။

ဂိတ်ကနေ ဖြတ်သန်းသွားလာတဲ့ မီးသွေးကား မှန်သမျှကို KIA တပ်ဖွဲ့က ငွေတောင်းခံတာလို့ မီးသွေးတင်တဲ့ နောက်ထပ် ကားသမားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

“သူတို့က ဖြတ်သမျှ ကားတွေကို တောင်းတာ။ သူတို့ကို ပြန်ပြောရဲတဲ့ တချို့ကားသမားတွေက ပေးရရင်တောင် တစ်ဝက်ဘဲ ပေးရတယ်။ မပြောရဲတဲ့သူတွေကျတော့ တောင်းသလောက် ပေးရတာပေါ့”

လက်ရှိ မိုင်းဝီးရေပူဂိတ်မှာ ငွေကောက်ခံနေတာနဲ့ ပတ်သက်ပြီး သေချာမသိရဘူးလို့ KIO/KIA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး နော်ဘူက ရွှေဖီမြေကို ပြောပါတယ်။

“တပ်မဟာတွေရဲ့ မူဝါဒဘဲ ဖြစ်မှာပါ။ အဲဒီ အောက်ခြေတွေရဲ့ လှုပ်ရှားမှုတွေကိုတော့ ကျနော်တို့လည်း မသိရပါဘူး။ အလှမ်းဝေးတယ်လည်း ပါတာပေါ့” လို့ ဗိုလ်မှူးကြီး နော်ဘူက ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်မှာ ရိုးရိုးမီးသွေး ၁ တန်ကို တရုတ်ယွမ်ငွေ (၁,၅၀၀)ကျော် (ကျပ် ၉ သိန်းကျော်)နဲ့ မီးသွေးအမာ ၁ တန်ကို ယွမ်(၂,၃၀၀) ရရှိခဲ့ပြီး ဒီနှစ်မှာတော့ ရိုးရိုးမီးသွေး ၁ တန်ကို ယွမ် ၁ ထောင်နဲ့ မီးသွေးအမာ ၁ တန်ကို (၁,၄၀၀)သာ ဈေးရတယ်လို့ သိရပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Leave a Reply

Your email address will not be published. Required fields are marked *

You May Also Like

မူဆယ်က ဖုန်းဆိုင်တစ်ဆိုင်မှာ ပြည်သူ့စစ်ဝတ်စုံနဲ့ ဓားပြ ဝင်တိုက်၊ ဓားပြတိုက်မှုဟာ မူဆယ်မှာ ဓလေ့တစ်ခုလိုဖြစ်ပြီး အထူးအဆန်း မဟုတ်တော့

စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် တရုတ်-မြန်မာနယ်စပ်ဖြစ်တဲ့ မူဆယ်မြို့မှာ ပြည်သူ့စစ်ဝတ်စုံ ဝတ်ထားတဲ့ အမျိုးသား ၄ ဦးက ဖုန်းဆိုင်တစ်ဆိုင်မှာ ဓားပြတိုက်မှု ဖြစ်ပွားခဲ့တယ်လို့ ဖြစ်စဉ်သိရှိသူ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

စစ်ကောင်စီတပ် မောင်းလာတဲ့ကားကို ပခုက္ကူ PDF ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ရာ ကားထဲ လိုက်ပါလာတဲ့ စစ်သား ၄ ဦး သေဆုံး

မကွေးတိုင်း ပခုက္ကူမြို့ စက်မှုဇုန် ၁ လမ်းမှာ စစ်ကောင်စီတပ် မောင်းနှင်လာတဲ့ ကားတစ်စီးကို ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့- Young Force UG က တိုက်ခိုက်ရာ ၄ ဦးစလုံး သေဆုံးခဲ့ကြောင်း Young Force UG ရဲ့ တာဝန်ရှိသူ ရဲ‌ဘော်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ဒီးမော့ဆိုအနောက်ခြမ်းမှာ နှစ်သစ်ကူးကာလမှာတင် စစ်ကောင်စီတပ်က ၂ ရက်ဆက်တိုက် ဗုံးကြဲ၊ အရပ်သား ထိခိုက်မှုရှိ

ကရင်နီပြည် ဒီးမော့ဆိုအနောက်ခြမ်းရှိ စစ်ရှောင်တွေ နေထိုင်တဲ့နေရာမှာ စစ်ကောင်စီတပ်က နှစ်ရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

စစ်ကောင်စီက မန္တလေးမြို့ပေါ် ဘောလုံးကွင်းနဲ့ စာသင်ကျောင်း ပတ်လည်မှာရှိတဲ့ နေအိမ်ဆိုင်ခန်းပေါင်း ၅၀၀ နီးပါးကို တစ်ပတ်အတွင်း ဖယ်ရှားခဲ့

စစ်ကောင်စီဟာ မန္တလေးမြို့ပေါ်က ဘောလုံးကွင်းနဲ့ စာသင်ကျောင်း ပတ်လည်မှာ ရှိနေတဲ့ နေအိမ်ဆိုင်ခန်းပေါင်း ၅၀၀ နီးပါးကို တစ်ပတ်အတွင်း ဖယ်ရှားရှင်းလင်းပစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။