ခိုင်လေး၊ ဖေဖော်ဝါရီ ၁၁ ရက်၊ မိုင်းရယ်
စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ မိုင်းရယ်မြို့ မိုင်းဟဒေသမှာ အွန်လိုင်း ငွေလိမ်လုပ်ငန်း(ကျားဖြန်) လုပ်ကိုင်သူ ၂၉ ဦးကို စစ်ကောင်စီတပ်က ထပ်မံ ဖမ်းဆီးရမိခဲ့တယ်လို့ တန့်ယန်းမြို့ခံ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
မိုင်းရယ်မှာ ပြည်သူ့စစ်တွေ ဖွင့်ထားတဲ့ ကျားဖြန်လုပ်ငန်း အများစုရှိပြိီး လက်ရှိ ဝင်ဖမ်းတဲ့နေရာဟာ ဦးလော်မားရဲ့သား ဖွင့်ထားတဲ့ရုံ ဖြစ်တယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၅ ရက်မှ ၉ ရက်အထိ ကျားဖြန့်လုပ်ငန်းမှာ လုံခြုံရေး ဆောင်ရွက်ပေးနေသူ ၅ ဦး၊ တရုတ်နိုင်ငံသား ၅၀ ဦး၊ ဗီယက်နမ်နိုင်ငံသား ၁၈ ဦး၊ မြန်မာနိုင်ငံသား ၃၄ ဦး စုစုပေါင်း ၁၀၂ ဦးတို့ကို ဖမ်းဆီးရမိခဲ့တယ်လို့ စစ်ကောင်စီက မနေ့ဖေဖော်ဝါရီ ၁၀ ရက်မှာ ထုတ်ပြန်ထားပါတယ်။
တန့်ယန်းမြို့ခံတစ်ဦးက “ဘယ်လိုဖြစ်ပြီးဝင်ဖမ်းတာတော့ မသိဘူး။ ကြာပြီ ရှိတာက။ အများကြီး ဖမ်းမိတယ်။ ထွက်ပြေးကုန်ကြတော့ ၂၉ ယောက်ဘဲ ကျန်တယ်။ ထွက်ပြေးလို့ ပစ်လိုက်တာ တစ်ယောက်က ခြေထောက် ထိသွားတယ်” လို့ ပြောပါတယ်။
မိုင်းဟမှာ ဖွင့်လှစ်ထားတဲ့ ကျားဖြန်ရုံဟာ အဖွဲ့အစည်းတွေဆီ အခွန်ဆောင်ကာ ဖွင့်လှစ်ထားတာဖြစ်ပြီး ဘာကြောင့် ဖမ်းတာလဲဆိုတာကိုတော့ သေချာမသိရသေးဘူးလို့ တန့်ယန်းမြို့ခံ အမျိုးသားတစ်ဦးက ဆက်ပြောပါတယ်။
“စစ်တပ်က ကျားဖြန် အဆောက်အအုံးကို ဘူဒိုဇာ(မြေကော်ကား)တွေနဲ့ ထိုးပြီး မီးရှို့ဖို့လုပ်နေတာ။ လုံခြုံရေးက စစ်တပ်ကို သေနတ်နဲ့ ပစ်တယ်။ စစ်တပ်က ပြန်ပစ်တော့ နှစ်ယောက်လား သုံးယောက်လား မသိဘူး သေတာ”
ကျားဖြန်ရုံဟာ တန့်ဟန်းနားမှာ တစ်ခုရှိပြိီး မန်ကန်နားမှာ ရှမ်းအဖွဲ့တွေ ဖွင့်ထားတာတစ်ခုနဲ့ မိုင်းဟမှာလည်း အများစု ကျန်ရှိနေသေးတာကြောင့် ဘယ်နေ့ ဝင်ဖမ်းမလဲဆိုတာကိုတော့ မသိဘူးလို့ သူက ဆက်ပြောပါတယ်။
ဖမ်းဆီးရမိတဲ့သူတွေနဲ့အတူ ၎င်းတို့ အသုံးပြုတဲ့ ဖုန်းမျိုးစုံ အလုံး ၂၆၀၊ Laptop ၂၅ လုံး၊ Desktop ၂၁ လုံး၊ Keyboard ၂၈ လုံး၊ Wi-Fi စက် ၂ လုံး၊ Star link ၇ လုံး၊ လက်နက်မျိုးစုံ ၇ လက်၊ ကွန်ပျူတာ ၇၂ လုံး၊ ငါးဂိမ်းစက် ၅ လုံး၊ ကား ၃ စီး၊ ဆက်စပ်ပစ္စည်းကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဖမ်းဆီးရမိသူတွေကို ဥပဒေအရ အရေးယူသွားမှာဖြစ်ပြီး ပြည်ပ နိုင်ငံသားတွေကိုတော့ လူသားချင်း စာနာထောက်ထားမှုနဲ့ နိုင်ငံအချင်းချင်း ချစ်ကြည်ရင်းနှီးမှုကိုရှေးရှူပြီး သက်ဆိုင်ရာ နိုင်ငံတွေဆီ ပြန်လည် ပို့ပေးသွားမှာဖြစ်တယ်လို့ စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အလားတူ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဩဂုတ်လထဲ “ဝ”ဒေသအတွင်း ကျားဖြန် လုပ်ကိုင်တဲ့ တရုတ်နိုင်ငံသား ၉ ဦးကို ဖမ်းဆီးရမိခဲ့ပြီး လင်ချန်းမြို့မှ သံသယရှိသူ ၇ ဦးကိုလည်း တရုတ်နိုင်ငံသို့ လွှဲပြောင်းပေးခဲ့တဲ့ဖြစ်စဉ် ရှိခဲ့ပါတယ်။