မိုင်းရူပ၊ ဖေဖော်ဝါရီ ၁၁ ရက်၊ ဒီးမော့ဆို
ကရင်နီတော်လှန်ရေးအင်အားစုတွေ ထိန်းချုပ်ထားတဲ့ ကရင်နီပြည် ဒီးမော့ဆိုအနောက်ခြမ်းမှာ စစ်ကောင်စီတပ်က နေ့စဥ်လိုလို လက်နက်ကြီး ပစ်ခတ်နေပြီး လက်နက်ကြီးကြောင့် အရပ်သားတစ်ဦး ဒဏ်ရာ ရခဲ့တယ်လို့ သိရပါတယ်။
ဒီးမော့ဆိုအနောက်ခြမ်းကို လွိုင်ကော်မြို့အခြေစိုက် စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်နေတာဖြစ်ပြီး ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၉ ရက်မှာလည်း စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးကြောင့် အသက် ၃၀ ဝန်းကျင် အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာ ရခဲ့ပါတယ်။
“တနင်္ဂနွေနေ့ ဘုရားရှိခိုးတဲ့အချိန်မှာ လက်နက်ကြီးနဲ့ ထုလာတာ။ အမျိုးသားတစ်ယောက် ဒဏ်ရာရတယ်။ ခြေထောက်မှာ ထိတယ်လို့ သိရတယ်” လို့ ဒီးမော့ဆိုအနောက်ခြမ်းရှိ စစ်ဘေးရှောင် အမျိုးသမီးတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
စစ်တပ်က နေ့စဥ်လိုလို လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်နေတာကြောင့် ဒီးမော့ဆိုအနောက်ခြမ်းရှိ စစ်ဘေးရှောင်တွေက စိုးရိမ်နေရပြီး အိမ်တိုင်းလိုလို ကတုတ်ကျင်း တူးထားရတယ်လို့ သူက ဆက်ပြောပါတယ်။
ရှမ်းတောင်-ကရင်နီနယ်စပ်ရှိ ဖယ်ခုံမြို့နယ် မိုးဗြဲမြို့မှာတော့ စစ်တပ်နဲ့ ကရင်နီ တော်လှန်ရေး အင်အားစုတွေအကြား တိုက်ပွဲ ဆက်လက် ဖြစ်ပွားနေတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်း စစ်တပ်ရဲ့ လေကြောင်းနဲ့ လက်နက်ကြီးကြောင့် ကလေးငယ် ၂ ဦးအပါအဝင် အရပ်သား ၆ ဦး သေဆုံးပြီး ၁၆ ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ ကရင်နီလူမှုအသင်းအဖွဲ့များကွန်ရက်- KCSN က ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၅ ရက်မှာ ထုတ်ပြန်ထားပါတယ်။