ဓာတ်ပုံ – CJ

အိုက်ပွီး၊ ဖေဖော်ဝါရီ ၁၀ ရက်၊ မောင်တော

ရခိုင်ပြည်နယ် မောင်တောမြို့နယ် ခုံတိုင်ကျေးရွာက ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦးနဲ့ အသက်မပြည့်သေးတဲ့ ကလေးငယ်နှစ်ဦးအပါအဝင် ၁၇ ဦးကို အာရက္ခတပ်တော်- AA က စစ်မှုထမ်းဖို့ ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မောင်တောမြို့နဲ့ မိုင် ၃၀ ကျော် ကွာဝေးပြီး အိမ်ခြေ ၁၈၀ ကျော်ရှိတဲ့ ခုံတိုင်ရွာကို AA တပ်ဖွဲ့ဝင် အင်အား ၁၀၀ ခန့်က ပိတ်ဆို့ပြီး စစ်မှုထမ်းဖို့အတွက် အရပ်သားတွေကို အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်သွားတာ ဖြစ်ပါတယ်။

“ရွာကို ဝိုင်းထားပြီး တစ်အိမ်တက်ဆင်း ဖမ်းဆီးခေါ်တာပါ။ အစတော့ ၄၀ ကျော် ခေါ်မယ်ပြောတယ်။ နောက်တော့ ကလေးအမေတွေ၊ အသက်မပြည့်သေးတဲ့သူတွေပါ ဖမ်းဆီးခေါ်တာကြောင့် ရွာသားတွေက ဝိုင်းတားဆီးရင်း ရုန်းရင်းဆန်ခတ်ဖြစ်သွားတော့ ၁၇ ယောက်လောက် ခေါ်သွားတယ်။ အဲဒီထဲမှာ အသက် ၁၄ နှစ်အရွယ် မိန်းကလေးတစ်ဦး၊ ကိုယ်ဝန်ဆောင်တစ်ဦး၊ အသက်မပြည့်တဲ့ ယောကျာ်းလေးတစ်ယောက် ပါတယ်” လို့ ခုံတိုင်ရွာခံတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။

ဒါ့အပြင် ဖမ်းဆီးခံရသူတွေထဲ အသက်မပြည့်တဲ့သူ၊ ကိုယ်ဝန်ဆောင်၊ အသက် ၅၀ ကျော် အသက်ကြီးသူ ပါတာကြောင့် ပြန်လွှတ်ပေးဖို့ ခုံတိုင်ရွာခံတွေက AA နယ်မြေမှူးဆီ ဆန္ဒပြတောင်းဆိုကြပေမဲ့ AA က ပစ်ဖောက်ခြိမ်းခြောက်ခဲ့တယ်လို့ သိရပါတယ်။

“ကျနော်တို့က ဖမ်းဆီးခံရတဲ့သူတွေ ပြန်လွှတ်ပေးဖို့ တောင်းဆိုတာပါ။ အဲဒါကို နယ်မြေမှူးက သူ့အနေနဲ့ မသိဘူး။ အထက်က အမိန့်လို့ ပြောတယ်။ အထက်ကို တောင်းဆိုလို့ ပြောတယ်။ ပြီးတော့ ရွာသားတွေ လူစုခွဲအောင် သေနတ် သုံးချက် ပစ်ဖောက်တယ်။ အခုဆန္ဒပြတောင်းဆိုတဲ့ ဗွီဒီယိုတွေ ပုံတွေ လိုင်းပေါ် တင်ရင် ထပ်ဖမ်းမယ်လို့ ခြိမ်းခြောက်သွားတယ်” လို့ အထက်ပါ ခုံတိုင်ရွာခံက ဆက်ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်ကလည်း ခုံတိုင်ရွာက အမျိုးသား ၆ ဦး၊ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ပထမအပတ်မှာ အမျိုးသား ၅ ဦး စုစုပေါင်း အမျိုးသား ၁၁ ဦးကို ပြည်သူ့စစ်မှုထမ်းဖို့ AA က ဖမ်းဆီးခေါ်ဆောင်သွားပြီး အခုတစ်ခါ တတိယအကြိမ်မြောက် ဖမ်းဆီးခေါ်ဆောင်တာ ဖြစ်ပါတယ်။

ဒါ့အပြင် ဇန်နဝါရီ ၂၇ ရက်ကလည်း မောင်တောမြို့နယ် ကိုင်းကြီး (မြို)ရွာက ကျေးရွာအုပ်ချုပ်ရေးမှူးကို AA ခန့်ထားတဲ့ အမှတ် ၄ နယ်မြေမှုး ဦးခင်ဇော်လင်းက ခေါ်ယူပြီး တစ်အိမ်တစ်ယောက်နှုန်း ပြည်သူ့စစ်မှုထမ်းဖို့အတွက် လူစုပေးဖို့ ညွှန်ကြားထားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အလားတူ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ နောက်ဆုံးမှာလည်း မောင်တောမြို့နယ် သီဟိုအေး၊ ကိုင်းကြီး၊ သစ်တုံနားခွဆုံ၊ နန်းရာကိုင်း၊ ရွေတိုင်၊ လေးမြိုကေသီနဲ့ ဘောင်ရွာက မြိုအမျိုးသား ၉၀ ကျော်ကို AA က စစ်မှုထမ်းဖို့ ဖမ်းဆီးခေါ်ဆောင်ခဲ့ပါတယ်။

အဲဒီ ၉၀ ကျော်ထဲက အသက်မပြည့်သေးသူ၊ ကျန်းမာရေး မကောင်းတဲ့သူ၊ တစ်အိမ် နှစ်ယောက် ပါသွားသူတွေကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက ပြန်လွှတ်ပေးခဲ့တယ်လို့ သိရပါတယ်။

မောင်တောမြို့နယ်မှာ AA က အခုလို စစ်မှုထမ်းဖို့ ဖမ်းဆီးခေါ်ဆောင်တာကြောင့် ဒေသခံ မြိုလူမျိုးတချို့ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် မိသားစုအလိုက် ပြောင်းရွှေ့နေထိုင်သူလည်း ရှိလာတယ်လို့ ဒေသခံတွေက ပြောဆိုပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

You May Also Like

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

ကိုးကန့်တပ် ထိန်းချုပ်ဒေသမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်ဝိုင်ဖိုင်တွေ ပိုအသုံးပြုလာ

ကိုးကန့်တပ်- MNDAA ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်အင်တာနက်လိုင်းတွေ အသုံးပြုလို့ ပိုအဆင်ပြေတာကြောင့် မြန်မာဆင်းကတ်အစား တရုတ်ဆင်းကတ်တွေကို ပိုအသုံးပြုလာနေကြတယ်လို့ ရွှေဖီမြေက စုံစမ်းသိရပါတယ်။

မင်္ဂလာဆောင်အတွက် တင်တောင်းဖို့သွားတဲ့ မိုင်းငေါ့ဒေသခံ ၂ ဦး နောင်ချိုမှာ ၂ လကြာ ပျောက်ဆုံးနေ

တအာင်းတပ် ထိန်းချုပ်ရာ ကျောက်မဲမြို့နယ် မိုင်းငေါ့ဒေသခံ ၂ ဦးက မင်္ဂလာဆောင်အတွက် တင်တောင်းဖို့ နောင်ချိုဘက် သွားရာကနေ ပျောက်ဆုံးနေပြီး ၂ လ ကြာတဲ့အထိ အဆက်အသွယ် မရသေးကြောင်း မိသားစုဝင်ရဲ့ ပြောပြချက်အရ သိရပါတယ်။