မိုင်းရူပ၊ ဖေဖော်ဝါရီ ၁၀ ရက်၊ သီပေါ
ရှမ်းအရပ်ဖက်အဖွဲ့အစည်းတွေ ကန့်ကွက်နေတဲ့ ရှမ်းမြောက် သီပေါမြို့အဝင် မုခ်ဦးကို ပြုပြင်တဲ့ကိစ္စမှာ ဗဟိုကော်မတီက ညွှန်ကြားထားတာ မရှိဘူးလို့ တအာင်းတပ်မတော်- PSLF/TNLA ရဲ့ ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက ရွှေဖီမြေကို ပြောပါတယ်။
သီပေါမြို့အဝင် မုခ်ဦးကို မြို့နယ် စည်ပင်သာယာရေးအဖွဲ့က မြို့နယ်ဖွံ့ဖြိုးတိုးတက်အောင် စီမံဆောင်ရွက်နေတာဖြစ်ပြီး လက်ရှိမှာ မုခ်ဦးကို မူလအတိုင်း ပြန်လည် ပြုပြင်နေတယ်လို့ ဆိုပါတယ်။
“မြို့နယ်ဖွံ့ဖြိုးတိုးတက်အောင် ကျမတို့ ဒီလိုမျိုး စီမံတာဖြစ်တယ်။ ဗဟိုကတော့ ဒီလိုမျိုး လုပ်ဆောင်ဖို့ ညွှန်ကြားထားတာမျိုး မရှိပါဘူး။ လက်ရှိကတော့ ကျမတို့က မူလတည်ရှိရာကိုပဲ အရောင်တွေကို ပြန်လည်ပြုပြင်တာဖြစ်တယ်” လို့ PSLF/TNLA ရဲ့ ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက ပြောပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၇ ရက်မှာ သီပေါမြို့အဝင် မုခ်ဦးမှာ ပါရှိတဲ့ ရှမ်းပြည်အလံ၊ ရှမ်းစာသားနဲ့ အင်္ဂလိပ်စာသားကို ဖြုတ်ပြီး တအာင်းအလံ အရောင်ပြောင်းထားတဲ့ ပုံတွေ လူမှုကွန်ယက်ပေါ် ပျံ့နှံ့ပြီးနောက် ရှမ်းအရပ်ဖက်အဖွဲ့တွေက TNLA ရဲ့ လုပ်ရပ်အပေါ် ကန့်ကွက်ကြောင်း စာတွေ ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။
သီပေါမြို့ဟာ ရှမ်းစော်ဘွားတွေ ခေတ်အဆက်ဆက် အုပ်ချုပ်ခဲ့တာဖြစ်ပြီး ရှမ်းလူမျိုးတွေ အများဆုံး နေထိုင်တဲ့ ဒေသလည်းဖြစ်သလို ရှမ်း၊ တအာင်း၊ လီဆူနဲ့ ဗမာ စတဲ့တိုင်းရင်းသားပေါင်းစုံ နေထိုင်တဲ့ ဒေသလည်းဖြစ်ပြီး လူမျိုးတစ်ခုတည်းကို ကိုယ်စားပြုတဲ့ ပုံစံမလုပ်ဖို့ ရှမ်းအရပ်ဖက် အင်အားစုတွေက တိုက်တွန်းထားပါတယ်။
လက်ရှိမှာ သီပေါမုခ်ဦးကို ပြောင်းလဲလိုက်တဲ့အပေါ် ဝေဖန်မှု ရှိပြီးနောက်ပိုင်း TNLA ဘက်က မူလအရောင်ကို ပြန်လည် ပြုပြင်နေတယ်လို့ သိရပါတယ်။
သီပေါမြို့ရှိ စစ်တပ်စခန်းတွေကို ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းအတွင်း PSLF/TNLA က ၂ လကျော်ကြာ ထိုးစစ်ဆင်တိုက်ခိုက်ပြီးနောက် အောက်တိုဘာ ၁၃ ရက်မှာ မြို့ကို အလုံးစုံ ထိန်းချုပ်နိုင်ခဲ့တာ ဖြစ်ပါတယ်။
လက်ရှိ သီပေါမြို့မှာ PSLF/TNLA ရဲ့ အုပ်ချုပ်ရေးယန္တရားတွေနဲ့ လည်ပတ်နေတဲ့ မြို့လည်း ဖြစ်ပါတယ်။