အိုက်ပွီး၊ ဖေဖော်ဝါရီ ၉ ရက်၊ တီးတိန်

ချင်းပြည်နယ် တီးတိန်မြို့နယ် ငါလ်ဘွယ်ကျေးရွာမှာ ဇိုမီး တော်လှန်ရေး တပ်မတော်- ZRA တပ်ဖွဲ့ဝင်က ဖမ်းဆီးရိုက်နှက်စစ်ဆေးလို့ ဒေသခံအမျိုးသား ၂ ဦး သေဆုံးခဲ့တယ်လို့ ကျေးရွာဒေသခံတွေဆီက သိရပါတယ်။

သေဆုံးသွားသူတွေဟာ အသက် ၂၀ ကျော်အရွယ် ကမ်းလျန်ထန်းနဲ့ သူ့ရဲ့ ယောက်ဖဖြစ်တဲ့ ဒါလ်မွမ်းကိမ်းတို့ဖြစ်တယ်လို့ သိရပါတယ်။

ဖေဖော်ဝါရီ ၅ ရက် ည ၈ နာရီခွဲခန့်မှာ ကမ်းလျန်ထန်းဟာ ယောက်ဖဖြစ်တဲ့ ဒါလ်မွမ်းကိမ်းရဲ့ နေအိမ်ကနေ ပြန်လာစဥ် ZRA တပ်ဖွဲ့ဝင်ရဲ့ ဖမ်းဆီးတာ ခံရပြီး သတိလစ် မေ့မြောတဲ့အထိ ရိုက်နှက်စစ်ဆေးခံရတာဖြစ်ပါတယ်။

“အလည်သွားရင်း အပြန်လမ်းမှာ ဖမ်းခံရတာ ဖြစ်ပါတယ်။ သတိလစ် မေ့မြောတဲ့အထိ ရိုက်နှက်စစ်ဆေးခံရပြီး အိမ်ကို ပို့လာတယ်။ အဲဒီရိုက်နှက်တဲ့ဒဏ်ရာနဲ့ မနက်မှာ ဦးကမ်းလျန်ထန်း သေဆုံးသွားတယ်” လို့ ဒေသခံတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။

ဒါ့အပြင် ကမ်းလျန်ထန်းရဲ့ ယောက်ဖဖြစ်သူ ဒါလ်မွမ်းကိမ်းကိုလည်း ဖေဖော်ဝါရီ ၆ ရက် မနက်မှာ ZRA အဖွဲ့ဝင်က ဖမ်းဆီးပြီး ရိုက်နှက်စစ်ဆေးခံရတဲ့ ဒဏ်ရာနဲ့ သေဆုံးတဲ့ အလောင်းကို ည ၁၁ နာရီမှာ နေအိမ်သို့ ပို့ဆောင်လာတယ်လို့ သိရပါတယ်။

သေဆုံးသူရဲ့ အလောင်းတွေကို ဖေဖော်ဝါရီ ၇ ရက်က ရွာခံတွေက သဂြိုလ်လိုက်ပြီလို့ သိရပါတယ်။

ZRA ခေါင်းဆောင် ၂ ဦးက သေဆုံးသူ မိသားစုဝင်ကို ချင်းထုံးစံအတိုင်း တောင်းပန်ထားတယ်လို့ သိရပါတယ်။

ငါလ်ဘွယ်ရွာမှာ ZRA က ညမထွက်ရအမိန့်ထုတ်ပြန်ထားတာကြောင့် အခုလို အရပ်သားတွေ ဖမ်းဆီးစစ်ဆေးခံနေရတယ်လို့ နောက်ထပ် ဒေသခံတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။

“ရွာမှာ ညဘက် ရှစ်နာရီဆို ထွက်လို့မရဘူး။ ZRA က ညမထွက်ရအမိန့် ထုတ်ထားတယ်။ တခြားရွာတွေမှာလည်း အဲဒီလိုပဲ ZRA က ညမထွက်ရအမိန့်ကို ထုတ်ထားတယ်။ ရွာသားတွေကို အလှည့်ကျ ကင်းစောင့်ခိုင်းတယ်”

တီးတိန်နဲ့ တွန်းဇံမြို့နယ်က ကျေးရွာတချို့မှာ ZRA က ညမထွက်ရအမိန့် ထုတ်ပြန်ထားပြီး ရွာခံတွေကို အလှည့်ကျ ကင်းစောင့်ခိုင်းစေတယ်လို့ သိရပါတယ်။

ZRA တပ်ဖွဲ့ဝင်ဟာ ချင်းပြည်နယ် တီးတိန်နဲ့ တွန်းဇံမြို့နယ်မှာ စစ်ရေးလှုပ်ရှားနေတဲ့ လက်နက်ကိုင်အဖွဲ့အစည်းဖြစ်သလို ချင်းအမျိုးသား တပ်မတော်- CNA နဲ့လည်း မကြာခဏ တိုက်ပွဲ ဖြစ်ပွားခဲ့ပါတယ်။

တွန်းဇံနဲ့ ကျီးခါး မြို့သိမ်းတိုက်ပွဲမှာ ZRA တပ်ဖွဲ့ဟာ စစ်တပ်ဘက်က ကူတိုက်ပေးနေတယ်လို့ ဒေသခံနဲ့ ချင်းတော်လှန်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

You May Also Like

စစ်ကောင်စီတပ် မောင်းလာတဲ့ကားကို ပခုက္ကူ PDF ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ရာ ကားထဲ လိုက်ပါလာတဲ့ စစ်သား ၄ ဦး သေဆုံး

မကွေးတိုင်း ပခုက္ကူမြို့ စက်မှုဇုန် ၁ လမ်းမှာ စစ်ကောင်စီတပ် မောင်းနှင်လာတဲ့ ကားတစ်စီးကို ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့- Young Force UG က တိုက်ခိုက်ရာ ၄ ဦးစလုံး သေဆုံးခဲ့ကြောင်း Young Force UG ရဲ့ တာဝန်ရှိသူ ရဲ‌ဘော်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ဒီးမော့ဆိုအနောက်ခြမ်းမှာ နှစ်သစ်ကူးကာလမှာတင် စစ်ကောင်စီတပ်က ၂ ရက်ဆက်တိုက် ဗုံးကြဲ၊ အရပ်သား ထိခိုက်မှုရှိ

ကရင်နီပြည် ဒီးမော့ဆိုအနောက်ခြမ်းရှိ စစ်ရှောင်တွေ နေထိုင်တဲ့နေရာမှာ စစ်ကောင်စီတပ်က နှစ်ရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

တွင်းငယ်နဲ့ တကက ၁၃ တပ်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်ကို PLA နဲ့ TNLA က ဝိုင်းရံပိတ်ဆို့ထား၊ ထိတွေ့မှု ဆက်ရှိနေ

မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ် တွင်းငယ်ရွာနဲ့ တန်းမြင့်လေ့ကျင့်ရေး သင်တန်းကျောင်း အမှတ်(၁၃)တပ်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်ကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော်- PLA နဲ့ တအာင်းတပ်မတော်- TNLA က ဝိုင်းရံပိတ်ဆို့ထားတယ်လို့ PLA နဲ့ ရှေ့တန်း သတင်းအရင်းအမြစ်တွေက ပြောပါတယ်။

ပူတာအို မူလာဒီရွာခံတွေကို သတ်ဖြတ်နေတဲ့ ဆင်ရိုင်းကို ပစ်သတ်

ကချင်ပြည်နယ် ပူတာအိုမြို့နယ် မူလာဒီရွာခံတွေကို သတ်ဖြတ်နေတဲ့ ဆင်ရိုင်းကို ဒီနေ့ ဧပြီ ၂၁ ရက် နေ့လယ်ပိုင်းက ပစ်သတ်လိုက်ကြောင်း ဒေသခံတွေဆီက သိရပါတယ်။