မိုင်းရူပ၊ ဖေဖော်ဝါရီ ၉ ရက်၊ သပိတ်ကျင်း
မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ် တွင်းငယ်ရွာမှာ စစ်ကောင်စီတပ်က ထိုးစစ်ဆင်တိုက်ခိုက်လာတာကြောင့် တအာင်းတပ်မတော်- TNLA ပူးပေါင်းတပ်တို့ တိုက်ပွဲပြန်ဖြစ်နေတယ်လို့ ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။
မနေ့ ဖေဖော်ဝါရီ ၈ ရက် မနက် ၈ နာရီ ၅၀ မိနစ်မှာ TNLA နဲ့ ပူးပေါင်းတပ် တည်ရှိရာကို စစ်တပ်က ထိုးစစ်ဆင် တိုက်ခိုက်လာတာကြောင့် ၅ နာရီကြာ တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ ရှေ့တန်း စစ်မြေပြင်မှာ ရှိနေသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
“၁၃ တပ်ကနေ စစ်ကောင်စီ ထိုးလာတာ။ အဲကြောင့် တိုက်ပွဲ ဖြစ်ရတာ။ တိုက်ပွဲက နေ့တိုင်းတော့ မဖြစ်ဘူး။ စစ်ကောင်စီ ထိုးလာရင်တော့ ဖြစ်တယ်။ ဒီနေ့တော့ လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေ ရှိတယ်”
တွင်းငယ်ရွာရှိ စစ်တပ်နဲ့ တွင်းငယ်အနီးရှိ စစ်ကောင်စီရဲ့ တန်းမြင့်လေ့ကျင့်ရေးကျောင်း အမှတ် ၁၃ တပ်ရှိ ပြည်သူ့လွတ်မြောက်ရေး တပ်မတော်- PLA နဲ့ TNLA က ဝိုင်းရံပိတ်ဆို့ထားတာ ဖြစ်ပါတယ်။
တွင်းငယ်ရွာကို ပြီးခဲ့တဲ့ ဩဂုတ်လကတည်းက TNLA နဲ့ ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်ထားတာဖြစ်ပြီး ၄ လနီးပါးအကြာမှာ ပြန်လည် လက်လွှတ်ခဲ့ရတာ ဖြစ်ပါတယ်။
တွင်းငယ်ရွာဟာ သပိတ်ကျင်းနဲ့ ရှမ်းမြောက် မိုးမိတ်မြို့ကို ဆက်သွယ်ထားတဲ့ လမ်းပေါ်မှာ တည်ရှိပြီး စစ်ရေးအရ အရေးပါတဲ့နေရာ ဖြစ်ပါတယ်။
စစ်တပ်ဟာ တွင်းငယ်ရွာကို ထိန်းချုပ်ပြီးနောက်ပိုင်း နေအိမ်တွေကို ဆက်တိုက် မီးရှို့တာတွေ ပြုလုပ်နေပြီး တွင်းငယ်ရွာမှာ စစ်ကောင်စီတပ် ရှိနေတာကြောင့် မီးရှို့ခံရတဲ့ နေအိမ် အရေအတွက်ကိုတော့ မသိရသေးပါဘူး။
သပိတ်ကျင်းမြို့ကို ပြီးခဲ့တဲ့ ဩဂုတ် ၂၅ ရက်မှာ တော်လှန်ရေးအင်အားစုတွေက တိုက်ခိုက်သိမ်းပိုက်ထားနိုင်ခဲ့ပြီး မြို့ပြင်မှာ စစ်ကောင်စီရဲ့ တကက ၁၃၊ ၇ မိုင်နဲ့ တွင်းငယ်ရွာမှာ စစ်တပ်စခန်းတွေ ကျန်ရှိနေတာဖြစ်ပါတယ်။