ဓာတ်ပုံ – အင်းလေး လူ့အခွင့်အရေးအဖွဲ့

အင်းငယ်၊ ဖေဖော်ဝါရီ ၈ ရက်၊ အင်းလေး

ရှမ်းတောင် ညောင်ရွှေမြို့နယ် အင်းလေးဒေသ ရေပူကျေးရွာအုပ်စု ရေပူရွာမှာ လက်နက်ကြီး ကျရောက်မှုကြောင့် လူနေအိမ်တစ်လုံး မီးလောင်ပြာကျ ပျက်စီးခဲ့တယ်လို့ ဒေသတွင်း နေထိုင်သူတွေက ပြောပါတယ်။

မနေ့ ဖေဖော်ဝါရီ ၇ ရက် နေ့လယ် ၃ နာရီခန့်က စံကားအင်း(တောင်ပိုင်းအင်း) အနောက်ဘက်ခြမ်းမှာ တပ်စွဲထားတဲ့ စစ်တပ်၊ ပအိုဝ်းပြည်သူ့စစ်- PNA ပူးပေါင်းတပ်က ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်ခဲ့တာပဲ ဖြစ်ပါတယ်။

အင်းလေး လူ့အခွင့်အရေးအဖွဲ့ ပြန်ကြားရေး တာဝန်ရှိသူတစ်ဦးက “ရွာတည်နေရာက စံကားအင်းနဲ့ ဖယ်ခုံအင်းကြားမှာ ရှိတာပါ။ လက်နက်ကြီးအသံကြောင့် အသက်အရွယ်မရွေး အားလုံး ထိတ်လန့်နေကြပါတယ်။ ပျက်စီးမှုက တော်တော်များပါတယ်။ ရဲဘော်တွေ ဝိုင်းငြိမ်းလိုက်ပါတယ်” လို့ ပြောပါတယ်။

မီးလောင်ကျွမ်းမှုမှာ တစ်နာရီခန့် ကြာမြင့်ခဲ့ပြီး အင်းလေး ပြည်သူ့ကာကွယ်ရေးတပ်- IPDF က ဝင်ရောက်ငြိမ်းသတ်ကူခဲ့ရတယ်လို့ မြေပြင်သတင်းအရင်းအမြစ်တွေဆီက သိရပါတယ်။

ရေပူရွာဟာ ရှမ်းတောင်အတွင်း လက်နက်ကြီးဒဏ်ခံရမှု အများဆုံးဖြစ်ပြီး ဇန်နဝါရီ ၂၉ ရက်ကလည်း ဖယ်အင်း အနောက်ဘက်ခြမ်း နန်းတောင်းနဲ့ မိုးဦးမှာ တပ်စွဲထားတဲ့ စစ်ကောင်စီ ပူးပေါင်းတပ်က လက်နက်ကြီး ၂၂ ကြိမ် ပစ်ခတ်ခဲ့ပါသေးတယ်။

ရေပူရွာအတွင်း နေထိုင်သူ အမျိုးသမီးတစ်ဦးက “လက်နက်ကြီးကတော့ မကြာမကြာ ကျတယ်။ တော်တော်များက အိမ်မရှိတဲ့ဘက်တွေ ရွာစွန်တွေဘက်တွေ ကျတာ။ အခု ဒီတခေါက်မှ အိမ်ကို ထိတာ။ တိုက်ပွဲလည်း ဒီမှာက ခဏခဏပဲ ရိုးနေပြီ။ ဝုန်းဒိုင်းဆို ပြေးကြ။ နည်းနည်းငြိမ်ရင် ပြန်နေကြပေါ့” လို့ ပြောပါတယ်။

အလားတူ ဖေဖော်ဝါရီ ၅ ရက်ကလည်း ရေပူရွာအနီးက ဘုရားတောင်လွယ်နွဲ့ရွာကို စစ်တပ်က လက်နက်ကြီး ပစ်ခတ်ခဲ့ရာ စစ်ဘေးရှောင်အပါအဝင် ရွာခံ ၃ ဦး သေဆုံးပြီး ၆ ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ သိရပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Leave a Reply

Your email address will not be published. Required fields are marked *

You May Also Like

မူဆယ်က ဖုန်းဆိုင်တစ်ဆိုင်မှာ ပြည်သူ့စစ်ဝတ်စုံနဲ့ ဓားပြ ဝင်တိုက်၊ ဓားပြတိုက်မှုဟာ မူဆယ်မှာ ဓလေ့တစ်ခုလိုဖြစ်ပြီး အထူးအဆန်း မဟုတ်တော့

စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် တရုတ်-မြန်မာနယ်စပ်ဖြစ်တဲ့ မူဆယ်မြို့မှာ ပြည်သူ့စစ်ဝတ်စုံ ဝတ်ထားတဲ့ အမျိုးသား ၄ ဦးက ဖုန်းဆိုင်တစ်ဆိုင်မှာ ဓားပြတိုက်မှု ဖြစ်ပွားခဲ့တယ်လို့ ဖြစ်စဉ်သိရှိသူ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

စစ်ကောင်စီတပ် မောင်းလာတဲ့ကားကို ပခုက္ကူ PDF ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ရာ ကားထဲ လိုက်ပါလာတဲ့ စစ်သား ၄ ဦး သေဆုံး

မကွေးတိုင်း ပခုက္ကူမြို့ စက်မှုဇုန် ၁ လမ်းမှာ စစ်ကောင်စီတပ် မောင်းနှင်လာတဲ့ ကားတစ်စီးကို ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့- Young Force UG က တိုက်ခိုက်ရာ ၄ ဦးစလုံး သေဆုံးခဲ့ကြောင်း Young Force UG ရဲ့ တာဝန်ရှိသူ ရဲ‌ဘော်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

စစ်ကောင်စီက မန္တလေးမြို့ပေါ် ဘောလုံးကွင်းနဲ့ စာသင်ကျောင်း ပတ်လည်မှာရှိတဲ့ နေအိမ်ဆိုင်ခန်းပေါင်း ၅၀၀ နီးပါးကို တစ်ပတ်အတွင်း ဖယ်ရှားခဲ့

စစ်ကောင်စီဟာ မန္တလေးမြို့ပေါ်က ဘောလုံးကွင်းနဲ့ စာသင်ကျောင်း ပတ်လည်မှာ ရှိနေတဲ့ နေအိမ်ဆိုင်ခန်းပေါင်း ၅၀၀ နီးပါးကို တစ်ပတ်အတွင်း ဖယ်ရှားရှင်းလင်းပစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီးမော့ဆိုအနောက်ခြမ်းမှာ နှစ်သစ်ကူးကာလမှာတင် စစ်ကောင်စီတပ်က ၂ ရက်ဆက်တိုက် ဗုံးကြဲ၊ အရပ်သား ထိခိုက်မှုရှိ

ကရင်နီပြည် ဒီးမော့ဆိုအနောက်ခြမ်းရှိ စစ်ရှောင်တွေ နေထိုင်တဲ့နေရာမှာ စစ်ကောင်စီတပ်က နှစ်ရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။