By မိုင်းရူပ၊ ရွှေဖီမြေ
ကရင်ပြည်နယ်နဲ့ ထိုင်းနယ်စပ်ရှိ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေမှာ တရုတ်နိုင်ငံက သရုပ်ဆောင် လူကုန်ကူးခံနေရလို့ နိုင်ငံတကာရဲ့ အာရုံစိုက်မှုကို ခံနေရချိန် စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် မိုင်းရယ်မြို့နယ်မှာ ကျားဖြန်လုပ်ငန်းတွေ ဆက်လက်ကြီးထွားနေပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်မှာ မိုင်းရယ်မြို့နယ် မိုင်းဟပြည်သူ့စစ်ထိန်းချုပ်ထားတဲ့ လွယ်ကြူအုပ်ချုပ်တွေထဲမှာသာ ရှိနေတဲ့ကျား ဖြန်ရုံတွေဟာ ၂၀၂၄ ခုနှစ် နှစ်ကုန် ဒီဇင်ဘာလထဲမှာ မိုင်းရယ်မြို့နယ်ရှိ အုပ်စု ၅ ခုထက်မနည်းမှာ ကျားဖြန်ရုံတွေ ကျယ်ပြန့်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မိုင်းရယ်မြို့နယ်ရှိ ကျားဖြန်ရုံတွေကို စစ်ကောင်စီ လက်အောက်ခံ ဦးလောဝ်မားဦးဆောင်တဲ့ မိုင်းဟပြည်သူ့စစ်က လုံခြုံရေးတွေ ပေးထားတာဖြစ်တယ်လို့ မိုင်းရယ်က ကျားဖြန်ရုံတွေအကြောင်း သိရှိထားတဲ့ မိုင်းရယ်ဒေသခံတွေက ပြောပါတယ်။
” မိုင်းဟပြည်သူ့စစ်က လုံခြုံရေးပေးတာ။ တခြားအဖွဲ့တွေလည်း ပါဝင်ပတ်သက်မှုရှိမှာပေါ့။ ကျားဖြန်ရုံတွေက မိုင်းဟပြည်သူ့စစ်တွေ ထိန်းချုပ်ထားတဲ့ နေရာတွေပဲ” လို့ မိုင်းရယ်က ကျားဖြန်ရုံအကြောင်း သိရှိထားတဲ့ မိုင်းရယ် ဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၅ ရက်ကစပြီး အင်အား ၂၀၀ ဝန်းကျင်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ မိုင်းရယ်မြို့နယ်ရှိ ကျားဖြန်ရုံတွေလိုက်လံစီးနင်းတာတွေ ပြုလုပ်နေကာ ဒါဟာဟန်ပြသာဖြစ်ပြီး မိုင်းရယ်မှာ ကျားဖြန်လုပ်ငန်းတွေ အများအပြား ဆက်ရှိနေပါတယ်။
“ဗမာစစ်တပ်က အင်အား ၂၀၀ လောက်ရှိမယ်။ နမ့်ပန်ချောင်းတစ်လျှောက်မှာ လိုက်ရှာတယ်။ ကျားဖြန်တွေလည်း နေရာပြောင်းထားတယ်။ ဘယ်လောက်ဖမ်းမိတာတော့ မသိသေးဘူး။ ဖမ်းရင်တောင်မှ နည်းနည်းပဲ ဖမ်းမယ်။ ဟန်ပြလောက်ပဲ” လို့ ကျားဖြန်ရုံအကြောင်း သိရှိထားတဲ့ မန်ကြူအုပ်စုထဲက မကြူလို့ အမည်လွှဲထားသူက ပြောပါတယ်။
စစ်ကောင်စီရဲ့ သတင်းတွေကို ဖော်ပြပေးနေတဲ့ တယ်လီဂရမ်ချယ်နယ်တွေမှာတော့ မနေ့ ဖေဖော်ဝါရီ ၆ ရက်မှာ မိုင်းရယ်မြို့နယ် မိုင်းဟအုပ်စု နောင်ဟန်ရွာအနီးရှိ ကျားဖြန်ရုံကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဝင်ရောင်စီးနင်းခဲ့ရာ ဗီယနမ်အမျိုးသမီး ၁၈ ဦးနဲ့ မြန်မာနိုင်ငံသာ ၂၇ ဦးအပါအဝင် အသုံးအဆောင်ပစ္စည်းတွေ ဖမ်းဆီးရမိခဲ့ကြောင်း ဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် နိုင်ဝင်ဘာလထဲမှာ “ဝ” တပ်ဖွဲ့-UWSAနဲ့ စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် တန်ယန်းမြို့နယ်ရှိ ကျားဖြန်လုပ်ကိုင်သူတွေကို UWSA က ဖမ်းဆီးပြီးနောက် မိုင်းရယ်မြို့နယ်ရှိ ကျားဖြန်ရုံတွေ “ဝ” တပ်က ဝင်ရောင်စီးနင်းမယ်ဆို့တဲ့ သတင်းတွေကြောင့် ငွေလိမ်ဂိုဏ်းတွေဟာ မိုင်းရယ်နဲ့ မိုင်းရှူးနယ်စပ်တွေမှာ နေရာပြောင်းရွှေကြပါတယ်။
” ဒီဇင်ဘာ ပထမအပတ်ဖြစ်မယ်။ တန်ယန်းမှာ “ဝ” တွေ ကျားဖြန်ဖမ်းပြီးနောက်မှာ တရုတ်နဲ့ “ဝ” စစ်သားတွေ လာဖမ်းမယ်ဆိုပြီး သတင်းထွက်တော့ ရွာကကားတွေ ခေါ်ပြီး သူတို့မြန်မြန်ပြောင်းတာ” လို့ မကြူက ဆိုပါတယ်။
မိုင်းရယ်မြို့နယ်ရှိ ကျားဖြန်ရုံတွေ မြေငှားရမ်းဖို့၊ အဆောက်အဦးတွေ ဆောက်ပေးဖို့နဲ့ လုံခြုံရေး စတာတွေကို မိုင်းဟပြည်သူ့စစ်က တာဝန်ယူထားပြီး ၎င်းရဲ့ နောက်ကွယ်မှာတော့ ဘယ်အဖွဲ့အစည်းက ပါဝင်ပတ်သက်မှု ရှိနေတာလဲဆိုတာကိုတော့ သေသေချာချာ မသိရသေးပါဘူး။
ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်ထဲမှာ မန်ကြူအုပ်စုထဲမှာ အများဆုံးတွေရတဲ့ ကျားဖြန်ရုံတွေဟာ လက်ရှိမှာ မိုင်းဟပြည်သူ့စစ် ထိန်းချုပ်ထားတဲ့ မိုင်းဟ၊ မန်ကြူ၊ မန်ဟိန်းနဲ့ မန်ပန်စတဲ့ ကျေးရွာအုပ်စုတွေအပါအဝင် မိုင်းရှူးမြို့နယ် ဟိုက်ပါရေတံခွန်အနီးအထိ ကျားဖြန်ရုံတွေ ကျယ်ပြန့်လာတယ်ပါတယ်။
“ဒီဇင်ဘာလပထမအပတ်ကစပြီး နမ့်ပန်ချောင်းတစ်လျှောက်မှာ နေရာတွေ ခွဲနေကြတယ်။ အရင်လိုမျိုးမနေဘဲနဲ့ နေရာတွေ ခွဲနေတာ။ နေရာအသစ်တွေ ထပ်လုပ်နေတာလည်း ရှိတယ်” လို့ မကြူက ပြောပြပါတယ်။
မိုင်းဟပြည်သူ့စစ်က ထိန်းချုပ်နယ်မြေထဲရှိ ကျားဖြန်ရုံတွေမှာ တရုတ်နိုင်ငံသားအများဆုံး ဦးဆောင်တာဖြစ်ပြီး ကျားဖြန်လုပ်ကိုင်သူ အနည်းဆုံး လူ ၄၀၀၀ ဝန်းကျင်ရှိနိုင်ပါတယ်။
ကျားဖြန်ရုံတွေထဲမှာ လူကုန်ကူးခံရပြီး ရောက်လာတဲ့သူတွေရှိသလို ဗီယက်နမ်အမျိုးသမီးတွေလည်း ပါဝင်ကာ လိင်လုပ်သားအဖြစ် ရောင်းစားခံရတဲ့ နိုင်ငံခြားသားတွေလည်း ပါဝင်ပါတယ်။
“မိုင်းပေါက်မှာ အလုပ်ရမယ်ဆိုပြီးတော့ လိုင်းပေါ်မှာခေါ်တာ။ ရောင်းစားခံရပြီး ဒီမှာရောက်တာ။ ဗီယနမ် ကောင်မလေးတွေလည်း ပါတယ်။ ရှမ်းစကားလည်းမရ၊ တရုတ်စကားလည်း မရဘူး။ လိင်လုပ်သား လုပ်နေရတာ” လို့ မကြူက ပြောပါတယ်။
ဒါ့အပြင် မိုင်းရယ်မြို့နယ်ရှိ ကျားဖြန်ရုံတွေ “ဝ” တပ်က ဝင်ရောင်စီးနင်းမယ်ဆိုတဲ့ သတင်းတွေကြောင့် မိုင်းရယ်မြို့နယ် မန်ကြူအုပ်စုရှိ ငွေလိမ်ဂိုဏ်းတွေနေရာရွှေ့ပြောင်းစဥ် ၎င်းတို့ နေခဲ့တဲ့ နေရာဟောင်းမှာ အသတ်ခံရတဲ့ အလောင်းတွေ တွေ့ရှိခဲ့တယ်လို့ မကြည်က ပြောပြပါတယ်။
” သူတို့ပြောင်းပြီး မကြာခင်မှာ သူတို့နေတဲ့ နေရာဟောင်းမှာ ရွာကလူတွေ သွားကြည့်တော့ သေနေတဲ့ အလောင်းတွေတောင် တွေ့တယ်။ အဲလောက်ထိ ဆိုးဝါးတယ်”
မိုင်းရယ်မြို့နယ်ရှိ ကျားဖြန်ရုံတွေအကြောင်း သတင်းမပေါက်ကြားဖို့ မိုင်းဟပြည်သူ့စစ်က ဒေသခံတွေကို ခြိမ်းခြောက်ထားပြီး သတင်းပေါက်ကြားရင် ထောင်ချမယ့်လို့ ပြောဆို ခြိမ်းခြောက်ထားပါတယ်။
မိုင်းဟပြည်သူ့စစ်နယ်မြေထဲ ဝင်ရောက်လာတဲ့ အွန်လိုင်းငွေ လိမ်ဂိုဏ်းတွေမှာ ပြီးခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးအတွင်း “ဝ” ဒေသနဲ့ ကိုးကန့်ဒေသက ထွက်ပြေးလာတဲ့သူတွေ ဖြစ်တယ်လို့ ဒေသခံတွေက ပြောကြပါတယ်။
မိုင်းဟပြည်သူ့စစ်နယ်မြေထဲ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေ ဝင်ရောက်နေတာနဲ့ ပတ်သက်ပြီး တုန့်ပြန်ချက်ရဖို့ မိုင်းဟပြည်သူ့စစ်ကို ရွှေဖီမြေက ကြိုးစားဆက်သွယ်နေဆဲ ဖြစ်ပါတယ်။
မိုင်းရယ်မြို့နယ်မှာ စစ်ကောင်စီနဲ့ မိုင်းဟပြည်သူ့စစ်အပြင် ရှမ်းပြည်တိုးတက်ရေးပါတီ-SSPP လည်း သွားလာရှုပ်ရှားတဲ့ နေရာဖြစ်ပါတယ်။
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေမှာ ပါဝင်ပတ်သက်နေတဲ့ စစ်ကောင်စီတာဝန်ရှိသူတွေကို အရေးယူမယ်လို့ ဖေဖော်ဝါရီ ၃ ရက်က စစ်ကောင်စီရဲ့ ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးမှာ ပြောကြားခဲ့ပါတယ်။
၂၀၂၃ ခုနှစ် အောက်တိုဘာ ၅ ရက်နေ ဇန်နဝါရီ ၁၃ အထိ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေမှာ လုပ်ကိုင်နေတဲ့ နိုင်ငံခြားသား ၅ သောင်းကျော်ကို သက်ဆိုင်ရာနိုင်ငံတွေထံ ပြန်လွှဲပြောင်းပေးခဲ့တယ်လို့ စစ်ကောင်စီက ဇန်နဝါရီ ၂၀ ရက်မှာ သတင်းထုတ်ပြန်ထားပါတယ်။
ဒါပေမယ့် စစ်ကောင်စီတပ်ဟာ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေကို ဖမ်းဆီးတာတွေ ပြုလုပ်နေပေမယ့် ဟန်ပြသာ ဖြစ်နေပြီး စစ်ကောင်စီ ထိန်းချုပ်ထာတဲ့ ရှမ်းမြောက် မိုင်းရယ်အပါအဝင် မူဆယ်နဲ့ တန်ယန်းမြို့နယ်တွေမှာ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေ ဆက်လက်လုပ်ကိုင်ခွင့် ရနေကြောင်းပါ။