ခိုင်လေး၊ ဖေဖော်ဝါရီ ၆ ရက်၊ အုတ်ဖို
ပဲခူးတိုင်း အုတ်ဖိုမြို့နယ် ပဲခူးရိုးမအတွင်းရှိ ချောင်းဂေါင်းအုပ်စု စင်မြင့်ရွာအနီး စစ်ကြောင်း ထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၅ ဗျူဟာစစ်ကြောင်းတို့ လက်နက်ကြီး လက်နက်ငယ်နဲ့ အပြန်အလှန် ပစ်ခတ်ခဲ့တာကြောင့် စစ်တပ်ဘက်မှ ၆ ဦး သေဆုံးကာ ၁၅ ဦး ဒဏ်ရာ ရခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၄ ရက် မနက် ၉ နာရီမှာအင်အား ၄၀ နဲ့ စစ်ကြောင်း ထိုးလာတဲ့ စစ်တပ်နဲ့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၅ ဗျူဟာစစ်ကြောင်းတို့ မိနစ် ၃၀ ခန့်ကြာ ထိတွေ့မှု ဖြစ်ပွားခဲ့တယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ မှ တာဝန်ရှိသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
“သူတို့ဘက်က လက်နက်ကြီးတွေရော စက်လက်နဲ့ပါ ဆက်တိုက် ပစ်ပေမဲ့ နယ်မြေကျွမ်းကျင်တဲ့ ကျနော်တို့ဘက်က အပေါ်စီးက ဆော်တာကြောင့် သူတို့ဘက်က အထိနာခဲ့တာပါ။ ကျနော်တို့ ရဲဘော်တစ်ယောက် လက်နက်ကြီးစ မှန်ခဲ့တယ်။ သူက သက်သာပါပြီဗျ”
စစ်ကြောင်း ထိုးလာတဲ့ စစ်တပ်က ဒေသခံတွေရဲ ကား ၂ စီးကို ချောဆွဲပြီး ထန်းပင်ကုန်းရွာဘက် ရောက်ရှိလာကာ စင်မြင့်ရွာက နေအိမ် ၁၆ လုံးကိုလည်း မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဆိုပါတယ်။
စစ်တပ်ဘက်က သေဆုံးသူနဲ့ ဒဏ်ရာ ရသူတွေကို သယ်ဆောင်ပြီး ပြန်ဆုတ်သွားပေမဲ့ ထိတွေ့တိုက်ပွဲ ထပ်မံ ဖြစ်လာနိုင်တယ်လို့လည်း အထက်ပါ တာဝန်ရှိသူက ဆက်ပြောပါတယ်။
တိုက်ပွဲ ဆက်ဖြစ်လာနိုင်တာကြောင့် စစ်တပ်ကလည်း လူသားဒိုင်းအဖြစ် ပေါ်တာဆွဲဖမ်းဆီးခြင်း၊ မော်တော်ယာဥ်ကို ချောဆွဲနေတာကြောင့် ဒေသခံအနေနဲ့ စစ်တပ်အနီးအနား သွားလာနေထိုင်တာတွေ မပြုလုပ်ကြဖို့လည်း သတိပေး ပြောဆိုထားပါတယ်။