ဓာတ်ပုံ – Local

By မိုင်းရူပ၊ ရွှေဖီမြေ

သူနာပြုပညာတတ်ထားတဲ့ အသက် ၃၀ နှစ်ဝန်းကျင်ရှိ မနန်း(အမည်လွှဲ)တစ်ယောက် ရှမ်းမြောက် တန်ယန်းမြို့မှာ သူနာပြုအလုပ်ခေါ်စာ အွန်လိုင်းစာမျက်နှာပေါ်ကနေ တွေ့ခဲ့ပြီး အလုပ်ခေါ်စာထဲမှာပါတဲ့ ဖုန်းနံပါတ်ကို ဆက်ပြီး သူနာပြုအလုပ်လုပ်ဖို့ လျှောက်ခဲ့ပါတယ်။

သူမအလုပ်လျှောက်ချိန် တန်ယန်းမြို့ရှိ ဆေးခန်းတွေမှာဘဲ လုပ်ရမယ့်လို့ ပွဲစားဖြစ်သူက ပြောခဲ့ပေမယ့် သူမတကယ် အလုပ်ဖို့ သွားချိန်မှာ ရှမ်းပြည်တိုးတက်ရေးပါတီ-SSPP ရဲ့ ဌာနချုပ်တည်ရှိရာ ရှမ်းတောင် ကျေးသီးမြို့နယ် ဝမ်ဟိုင်းကျေးရွာရဲ့ အနီးဝန်းကျင်ရှိ ကျားဖြန်ရုံမှာ ဖြစ်နေပါတယ်။

အဲကျားဖြန်ရုံဟာ SSPP ရဲ့ ဌာနချုပ်တည်ရှိရာ ဝမ်

ဟိုင်းကနေ မြစ်ကိုဖောင်နဲ့ကူးပြီး သွားရတာဖြစ်တယ်လို့ မနန်းက ပြောပြပါတယ်။

မနန်းကို ဝမ်းဟိုင်းကနေ ကျားဖြန်ရုံကို ခေါ်သွားစဥ် နေဝင်ခါစ ညအချိန်ဖြစ်ပါတယ်။

ကျားဖြန်ရုံတည်ရှိရာသွားတဲ့လမ်းဟာ တောတောင်တွေထူထပ်ပြီး လမ်းပန်းဆက်သွယ်ရေးခက်ခဲတဲ့ ရာဘာခြံအနီးမှာ ကျားဖြန်ရုံတွေကို တည်ဆောက်ထားပါတယ်။

ကျားဖြန်ရုံကို နှစ်ထပ်တိုက်အပါအဝင် အဆောက်အအုံ ၇ ခုထက်မနည်း ရှိနိင်တယ်လို့ မနန်းက ပြောပါတယ်။

“ကျားဖြန်ရုံကို ရောက်လာတာနဲ့ မှောင်ပြီ။ လမ်းတွေလည်း မမြင်ရဘူး။ လမ်းကလည်း တောလမ်း၊ တစ်လမ်းသွား ပုံစံမျိုးပဲ။ တောလည်းထူ လမ်းလည်းကြမ်းတယ်။ ဘာမှမမြင်ရဘူး။ အဲမြစ်နားမှာ ရှမ်းစစ်သားတွေစောင့်တာ။ ဖောင်ဖြတ်ခ ၃၀၀(ယွမ်) ပေးရတယ်” လို့ မနန်းက ကျားဖြန်ရုံ စတင်ရောက်ခဲ့ချိန် အခြေအနေကို ပြောပြပါတယ်။

မနန်းက အဲကျားဖြန်ရုံကို စတင်ရောက်ချိန် သူမရဲ့ ဖုန်းအတွင်းရှိ အချက်အလက်တွေကို ကျားဖြန်အစောင့်တွေက စတင်စစ်ဆေးခဲ့ပါတယ်။ ဖုန်းကို တခြားသူကို ပေးမသုံးဖို့လည်း သတိပေးခဲ့ပါတယ်။ တခြားသူကို ဖုန်းပေးသုံးရင် ထောင်ချမယ့်အကြောင်း ကျားဖြန်ရုံ ဦးဆောင်သူတွေက သတိပေးထားတယ်လို့ မနန်းကပြောပါတယ်။

“ဓာတ်ပုံရိုက်လို့မရပါဘူး။ ဓာတ်ပုံရိုက်လို့မိရင် အချုပ်ကျပါတယ်။ ဖုန်းတောင်မှ အရမ်းလွတ်လွတ်လပ်လပ်ကြီး သုံးလို့မရပါဘူး” လို့ ဆိုပါတယ်။

ဖုန်းတွေကို စစ်ဆေးပြီးနောက် ကျားဖြန်ရုံအတွင်း ငွေမလိမ်နိုင်လို့ ရိုက်နှက်ခံရတဲ့ လူငယ်တွေကို ဆေးကုပေးဖို့ တာဝန်ပေးခဲ့ပါတယ်။

သူမနေတဲ့ ကျားဖြန်ရုံမှာ တရုတ်လူမျိုးတွေ ဦးဆောင်တာလို့ မနန်းက ပြောပြပါတယ်။ အဲကျားဖြန်ရုံထဲမှာ မနန်းအပြင် တခြားဆရာဝန်တွေလည်း ရှိပါတယ်။ အဲကျားဖြန်ရုံထဲမှာ တရုတ်လူမျိုးတွေအပြင် တခြားဘာသာစကားတတ်တဲ့သူတွေကိုလည်း ငှာရမ်းထားတယ်လို့ မနန်းက ပြောပါတယ်။

အဲကျားဖြန်ရုံထဲမှာ တရုတ်လူမျိုးတွေ အများဆုံးဖြစ်ပြီး မနန်းအတွက် ၁ လကို တရုတ်ငွေ ယွမ် ၃၅၀၀ ပေးပါတယ်။

“ပြည်မကြီးက တရုတ်တွေဦးဆောင်တာ။ သူတို့ကနေပြီးငှားထားတဲ့စကားပြန်တွေလဲရှိတယ်။ တရုတ်မဟုတ်တဲ့ တခြားနိုင်ငံကိုလိမ်ရင် ဘာသာပြန်ပေးလို့ရအောင် နိုင်ငံခြားသား စကားပြန်တွေကိုလဲ လစာကောင်းကောင်းပေးပြီးငှားထားတယ်” လို့ မနန်းက ပြောပြပါတယ်။

သာမန်လူနာကို ဆေးကုသဖို့ အလုပ်လျှောက်ခဲ့တဲ့ မနန်းဟာ အခုတော့ ငွေမလိမ်နိုင်လို့ ရိုက်နှက်ခံနေရတဲ့ လူငယ်တွေကို ဆေးကုပေးဖို့ ဖြစ်လာခဲ့ပါတယ်။ တစ်နေ့ကို မနန်းဆီ ရိုက်နှက်ခံရလို့ အနည်းဆုံး လူ ၅ ဦးထက်မနည်း ဆေးကုသပေးခဲ့ရပါတယ်။

“ကျားဖြန်ထဲမှာ အသက် ၁၈၊ ၁၉ ကောင်လေး ငယ်ငယ်လေးတွေဆို သနားဖို့ကောင်းတယ်။ ရိုက်ခံရလို့ ခြေ ထောက်က်တစ်ဖက်က တစ်သက်လုံး ဒုက္ခိတ ဘဝနဲ့ နေသွားရတော့မယ့်လူတွေ ရှိတယ်” လို့ မနန်းက ဆိုပါတယ်။

ဒါ့အပြင် မနန်းရှိနေတဲ့ ကျားဖြန်ရုံတွေထဲမှာ အချုပ်ခန်းတွေလည်းရှိပါတယ်။ ကျားဖြန်ရုံရှိ လူငယ်တွေကို မိသားစုတွေနဲ့ ဆက်သွယ်ခွင့် မပေးထားပါဘူး။ ငွေမလိမ်နိုင်လို့ အစာငတ်ခံထားရတဲ့ လူငယ်တွေရှိသလို ရိုက်နှက်ခံရလို့ သေဆုံးသွားတဲ့ လူငယ်တွေရှိနေပါတယ်။

ကျားဖြန်ရုံရှိ လူငယ်တွေကို ငွေလိမ်နိုင်တဲ့ ပမာဏအပေါ်မူတည်ပြီး လစာတွေပေးတာဖြစ်တယ်လို့ မနန်းကပြောပါတယ်။ သန်းရှင့်ရေးနဲ့ စားဖိုမှူးတွေကိုတော့ သတ်မှတ်လစာတွေ ရှိတယ်လို့ ဆိုပါတယ်။

“သတ်မှတ်ထားတဲ့ စံချိန်ပြည့်မှီအောင် အလုပ်မလုပ်နိုင်ရင် ဒဏ်ပေးတယ်။ ရိုက်တယ်။ လျှပ်စစ်နဲ့ ရှော့တိုက်တာတို့ အချုပ်ခန်းထဲ ထည့်ပြီး နှိပ်စက်တာ။ အသတ်ခံရတာထက် အရိုက်လွန်ပြီး သေကြတာပါ” လို့ မနန်းက ဆိုပါတယ်။

သေဆုံးသွားတဲ့ လူငယ်တွေရဲ့ သတင်းကို ကျားဖြန်ရုံရှိ တာဝန်ရှိသူတွေက သတင်းဖုံးဖိထားတာကြောင့် အရေအတွက်ကိုတော့ မနန်းမသိပါဘူး။ ဒါပေမယ့် သူမဆီရောက်လာတဲ့ လူငယ်အချို့ဟာ နှလုံးမခုန်တော့တဲ့ အခြေအနေအထိ ဖြစ်နေတယ်လို့ မနန်းက ပြောပါတယ်။

“ဆုံးရင်လည်း ဆုံးတယ်လို့ ကျနော်တို့ကို ပေးမသိဘူး။ ကျမတို့လည်း ဆေးရုံဆေးခန်းတွေမှာ လုပ်လာခဲ့တယ်။ လူနာတွေရဲ့ အခြေအနေတွေလည်း သိတယ်။ နှလုံးခုန်သံတွေ နားထောင်လို့ မရတော့ဘူး။ ဆုံးသွားမှန်း သိတယ်”

မနန်းလုပ်ကိုင်ခဲ့တဲ့ ကျားဖြန်ရုံထဲမှာ လုပ်ကိုင်နေတဲ့ လုံခြုံရေးအပါအဝင် ကျားဖြန်လုပ်ကိုင်သူ ၁၀၀၀ ဝန်းကျင်ရှိနိုင်ပြီး ကျားဖြန်ရုံထဲ ရောက်သွားတဲ့လူငယ်တွေထဲမှာ လူကုန်ကူးခံရပြီး ရောင်းစားခံရတဲ့ လူငယ်တွေလည်း ပါဝင်ပါတယ်။

အဲကျားဖြန်ရုံထဲမှာ အလုပ်လုပ်နေတဲ့ သူတွေအတွက် ရောင်းစားခံရတဲ့အမျိုးသမီးတွေနဲ့ လိမ်လည်ခံရလို့ ကျားဖြန်ရုံကို ရောက်လာတဲ့ တရုတ်၊ ကချင်၊ လားဟူ အမျိုးသမီး ၂၀ ဝန်းကျင်က ပြည်တန်ဆာလုပ်ပေးရပါတယ်။

“ပြည်တန်ဆာတွေလည်း ရှိတယ်။ ရောင်းစားခံရတာရှိသလို လိမ်ခံရပြီး ရောက်လာတဲ့သူတွေလဲရှိတယ်။ ကောင်မလေးတစ်ယောက်ဆိုရင် ညာခေါ်ခံရပြီးတော့ တရုတ်ငွေ ၅ သောင်းနဲ့ ရောင်းခံရတာ။ သူက အကြွေးကျေမှ ပြန်ရမှာ”

မနန်းရှိတဲ့ ကျားဖြန်ရုံရဲ့ အတွင်းပိုင်းကို လုံခြုံရေး ဝန်ထမ်းတွေ ခန့်ထားပြီး အပြင်ပိုင်းမှာတော့ ရှမ်းစကားပြောတဲ့ တပ်ဖွဲ့တွေက လုံခြုံရေးပေးထားတယ်လို့ မနန်းကပြောပါတယ်။

“ကျားဖြန်ဝန်းထဲကိုတော့ လုံခြုံရေး ဝန်ထမ်းတွေခန့်ထားပြီး အပြင်ပိုင်းကိုတော့ တပ်က လုံခြုံရေးပေးထားတယ်။ သူတို့ တံဆိပ်ကိုတော့ သေချာမကြည့်မိပေမဲ့ ရှမ်းလိုပဲပြောကြတယ်”

ဒီအဖြစ်အပျက်တွေဟာ ၁ လအတွင်း မနန်းက ကြုံတွေ့ခဲ့ရတဲ့ အခြေအနေတွေပါ။ သွေးထွက်သံယိုဖြစ်နေတဲ့ လူငယ်တွေကို နေ့စဥ်မြင်နေရတဲ့ မနန်းဟာ အဲလုပ်ငန်းကို ၁ လအတွင်း လုပ်ခဲ့ပြီး အဲကနေ ထွက်ခွာဖို့ ကြိုးစားခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလထဲမှာ မနန်းဟာ အဲကျားဖြန်ရုံကနေ လွတ်မြောက်လာခဲ့ပြီး သူမဘယ်လို လွတ်မြောက်လာခဲ့တာနဲ့ ပတ်သက်ပြီး လုံခြုံရေးအခြေအနေကြောင့် မနန်းက ထုတ်မပြောပါဘူး။ လက်ရှိ မနန်းဟာ ရှမ်းမြောက်ရှိ မြို့နယ်တစ်ခုမှာ နေထိုင်နေပါတယ်။

“အဲမှာက ဘာလုပ်လုပ် ခိုးလုပ်ရတဲ့ဟာတွေပဲ။ အဲကြောင်းမို့ ပြန်လာတာ။ ပြန်လာတာလည်း တခါတည်း ပေးမပြန်ဘူး။ အချိန်အကြာကြီးမှ ပေးပြန်တာ”

ဝမ်ဟိုင်းအနီးရှိ ကျား ဖြန်ရုံတွေမှာ SSPP က ပါဝင်ပတ်သက်မှု ရှိမရှိအသေးစိတ် သိရဖို့ SSPP ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးစိုင်းဖုန်ဟန်နဲ့ ဗိုလ်မှူးကြီးစိုင်းဆုကို ရွှေဖီမြေက ဖုန်းနဲ့ အကြိမ်ကြိမ်ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေကြားတာ မရှိပါဘူး။

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၂၃ ရက်မှာတော့ ရှမ်းမြောက် နမ့်ခမ်းမြို့ရှိ ကျားဖြန်ရုံတစ်ခုကို SSPP က ဝင်ရောက်စီးနင်းခဲ့ရာ ကျားဖြန်လုပ်ကိုင်သူတရုတ်နိုင်ငံသား အပါအဝင် ၁၀၀ ကျော်ကို ဖမ်းဆီးခဲ့ပြီး တရုတ်နိုင်ငံသားတွေကို တရုတ်ထံ လွှဲပြောင်းပေးခဲ့ပါတယ်။

SSPP/SSA အနေနဲ့ ထိန်းချုပ်နယ်မြေအတွင်း အွန်လိုင်းငွေလိမ်လုပ်ငန်းတွေ အားလုံးတားစီးနှိမ်နင်းသွားမယ်လို့ ထုတ်ပြန်ချက် ထုတ်ပြန်ခဲ့ဖူးပါတယ်။

ဒါပေမယ့် SSPP ရဲ့ ဌာနချုပ်အနီးက ကျားဖြန်ရုံတွေ ဘယ်နှစ်ခုရှိလဲဆိုတာ သေသေချာချာမသိရပေမယ့် ရှမ်းမြောက်ကနေ ထွက်ပြေးလာတဲ့ ငွေလိမ်ဂိုဏ်းတွေမှာ ဝမ်ဟိုင်းမှာ လာရောက်အခြေချနေတာလားဆိုတာ မေးခွန်းထုတ်စရာတွေ ဖြစ်နေပါတယ်။

ကရင်ပြည်နယ်နဲ့ ထိုင်းနယ်စပ်ရှိ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေမှာ တရုတ်နိုင်ငံက သရုပ်ဆောင် လူကုန်ကူးခံနေရလို့ နိုင်ငံတကာရဲ့ အာရုံစိုက်မှုကို ခံနေရချိန် ဝမ်ဟိုင်းအနီးရှိ ကျားဖြန်ရုံတွေမှာတော့ သတင်းဖုံးဖိပြီး လူငယ်တွေ ရိုက်နှက်နှိပ်စက်ခံနေရပါတယ်။

မနန်းကတော့ စိတ်ဒဏ်ရာစရာတွေ ပြည့်နှက်နေတဲ့ ကျားဖြန်ရုံကနေ လွတ်မြောက်ခဲ့ပေမယ့် ကျန်သူလူငယ်တွေအတွက် စိတ်မကောင်းကြောင်း ပြောပါတယ်။

“ငွေမလိမ်နိုင်ရင် လစာမရတဲ့အပြင် ရိုက်နှက်အပြစ်ပေးတယ်။ အစားအသောက်မကျွေးပဲ ထားတာ။ မြင်ရတာ စိတ်မကောင်းဘူး” လို့ မနန်းက ပြောပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Leave a Reply

Your email address will not be published. Required fields are marked *

You May Also Like

ကိုးကန့်တပ်က လားရှိုးမြို့ကနေ ဆုတ်ခွာတော့မှာလား

ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၆ ရက်နဲ့ ၁၇ ရက်မှာ တရုတ်နိုင်ငံရဲ့ ကြားဝင်စေ့စပ်မှုကြောင့် ကိုးကန့်တပ်မတော် MNDAA နဲ့ စစ်ကောင်စီတပ်အကြား ဇန်နဝါရီ ၁၈ ရက်ကစပြီး အပစ်ရပ်ပြီဖြစ်ကြောင်း တရုတ်က ကြေညာပေးပြီးနောက် ကိုးကန့်တပ်တွေအနေနဲ့ လားရှိုးကနေ ဆုတ်ခွာတော့မယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာပါတယ်။

စစ်ကောင်စီက ဟန်ပြဖမ်းနေပေမယ့် မိုင်းရယ်က ကျားဖြန်လုပ်ငန်း အကြမ်းဖက်မှုတွေနဲ့ ဆက်လက်ကြီးထွားနေ

ကရင်ပြည်နယ်နဲ့ ထိုင်းနယ်စပ်ရှိ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေမှာ တရုတ်နိုင်ငံက သရုပ်ဆောင် လူကုန်ကူးခံနေရလို့ နိုင်ငံတကာရဲ့ အာရုံစိုက်မှုကို ခံနေရချိန် စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် မိုင်းရယ်မြို့နယ်မှာ ကျားဖြန်လုပ်ငန်းတွေ ဆက်လက်ကြီးထွားနေပါတယ်။

ကူမင်း ဆွေးနွေးပွဲမှာ အရပ်သားတွေကို ပစ်မှတ်ထားနေတဲ့ လေကြောင်း တိုက်ခိုက်မှုတွေ ရပ်တန့်ပေးနိုင်မလား

တရုတ်နိုင်ငံက စီစဉ်ပေးတဲ့ စစ်ကောင်စီနဲ့ တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော်-PSLF/TNLA တို့ တွေ့ဆုံမယ့် ကူမင်း ဆွေးနွေးပွဲမှာ ဒေသခံလူထုတွေ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေကို ကျော်လွှားနိုင်ဖို့ အဖြေရှာသွားမယ်လို့ PSLF/TNLA ရဲ့ ပြောခွင့်ရသူ လွေးယေဦးက ရွှေဖီမြေကို ပြောပါတယ်။

ရလဒ်မထွက်တဲ့ ဆွေးနွေးပွဲနဲ့ သတိထားရမယ့် စစ်ကောင်စီရဲ့ လေကြောင်းအန္တရာယ်

By မိုင်းရူပ၊ ရွှေဖီမြေ တရုတ်နိုင်ငံရဲ့ ကြားဝင်စေ့စပ်မှုနဲ့ တရုတ်နိုင်ငံ ကူမင်းမြို့မှာ စစ်ကောင်စီနဲ့ တအာင်းတပ်မတော်-PSLF/TNLA ရဲ့ကိုယ်စားလှယ်တွေရဲ့ တွေ့ဆုံမှုဟာ ရလဒ်မထွက်ဘဲ…