ပို့လဘား၊ ဖေဖော်ဝါရီ ၆ ရက်၊ နမ့်ခမ်း
တအာင်းတပ်မတော်- PSLF/TNLA ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် နမ့်ခမ်းမြို့မှာ အမျိုးသားတစ်ဦး ကြံခုတ်ရင်း မိုင်းပေါက်မိပြီး ပေါက်ကွဲလို့ ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
မနေ့ ဖေဖော်ဝါရီ ၅ ရက် နေ့လယ် ၃ နာရီခွဲမှာ နမ့်ခမ်းမြို့နယ် ပန်ဆိုင်းရွာမှာ နေထိုင်တဲ့ အမျိုးသားတစ်ဦး နောင်တိန်းရွာမှာ ကြံ သွားခုတ်ရင်း မိုင်းပေါက်မိခဲ့တာပဲ ဖြစ်ပါတယ်။
“သူက ကြံခုတ်ရင်းနဲ့ သူသုံးတဲ့ဓားကို အဲဒီထောင်ထားတဲ့မိုင်း ခုတ်မိလိုက်တာ။ သူ့မျက်နှာနဲ့ရင်ဘတ် ထိတယ်။ သူ့ကို ဆေးရုံတင်ထားတယ်။ သူအခုချိန်ထိ စကားမပြောနိုင်သေးဘူး” လို့ ဖြစ်စဉ်သိရှိသူက ပြောပါတယ်။
မိုင်းပေါက်မိလို့ ထိခိုက်ဒဏ်ရာရတဲ့ အမျိုးသားဟာ အသက် ၆၁ နှစ်ရှိတဲ့ စိုင်းဦးကျင်မောင်ဖြစ်တယ်လို့ ဆိုပါတယ်။
အဲဒီမိုင်းပေါက်ကွဲတဲ့နေရာဟာ ၁၀၂၇ စစ်ဆင်ရေး မစခင်ကတည်းက ရှမ်းပြည်တိုးတက်ရေးပါတီ- SSPP အခြေချ နေထိုင်ခဲ့တဲ့နေရာ ဖြစ်တယ်လို့ ပြောဆိုပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂ ရက်ကလည်း ကွတ်ခိုင်မြို့နယ် နမ့်ဆိုင်ကျေးရွာမှာ လက်လုပ်မိုင်း ပေါက်ကွဲမှုကြောင့် ကလေး ၂ ဦးသေဆုံးပြီး ၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။