ဓာတ်ပုံ – Lashio reconstruction

By မိုင်းရူပ၊ ရွှေဖီမြေ

ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၆ ရက်နဲ့ ၁၇ ရက်မှာ တရုတ်နိုင်ငံရဲ့ ကြားဝင်စေ့စပ်မှုကြောင့် ကိုးကန့်တပ်မတော် MNDAA နဲ့ စစ်ကောင်စီတပ်အကြား ဇန်နဝါရီ ၁၈ ရက်ကစပြီး အပစ်ရပ်ပြီဖြစ်ကြောင်း တရုတ်က ကြေညာပေးပြီးနောက် ကိုးကန့်တပ်တွေအနေနဲ့ လားရှိုးကနေ ဆုတ်ခွာတော့မယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာပါတယ်။

လားရှိုးမြို့ကနေ ကိုးကန့်တပ်တွေ ဆုတ်ခွာပေးမပေးဆိုတာနဲ့ ပတ်သက်ပြီး သတင်းတွေ အမျိုးမျိုးထွက်ပေါ်နေပြီး ကိုးကန့်တပ်ဘက်ရော စစ်ကောင်စီတပ်ဖက်ကပါ လားရှိုးကိစ္စနဲ့ ပတ်သက်ပြီး တစ်စုံတစ်ရာထုတ်ပြောတာ မရှိသေးပါဘူး။

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း တရုတ်နှစ်သစ်ကူးကာလမှာ ကိုးကန့်တပ်အနေနဲ့ လားရှိုးကနေ ဆုတ်ခွာပေးရမယ်ဆိုပြီး တရုတ်ဘာသာနဲ့ ပြောဆိုတဲ့ ရုပ်သံဖိုင်တစ်ခုလည်း လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံလာခဲ့ပါတယ်။

အဲဒီရုပ်သံဖိုင်ဟာ MNDAA ထိန်းချုပ်ထားတဲ့ ကွတ်ခိုင်မြို့နယ် တားမိုးညဲမြို့မှာ ကျင်းပတဲ့ တရုတ်နှစ်သစ်ကူးပွဲတော်မှာ MNDAA ရဲ့ တာမိုးညဲခရိုင်မှူးက ပြောဆိုသွားတာဖြစ်တယ်လို့ ရွှေဖီမြေရဲ့ သတင်းအရင်းအမြစ်တစ်ဦးက ပြောပါတယ်။

“MNDAA ရဲ့ တာမိုးညဲခရိုင်မှုးက ပြောသွားတာ။ တာမိုးညဲမှာ ၆ လပိုင်းအထိ စစ်သားမကောက်ဘူး။ စိတ်ချလက်ချ ပြန်လာပြီး အိုးအိမ်စည်းစိမ်တွေ ပိုမိုတိုးတက်အောင်လုပ်ဆောင်ကြဖို့ တိုက်တွန်းထားတယ်။ လားရှိုးကနေ အပြည့်အဝဆုတ်ခွာသွားမယ်” လို့ ပြောထားတဲ့အကြောင်း ရွှေဖီမြေရဲ့ သတင်းအရင်းအမြစ်က ဆိုပါတယ်။

ကိုးကန့်တပ်အနေနဲ့ လားရှိုးမြို့ကနေ ဇွန်လနောက်ဆုံးထားပြီး ဆုတ်ပေးရမယ့်လို့ သိထားကြောင်းလည်း သူက ဆက်ပြောပါတယ်။

အဲဒီရုပ်သံဖိုင်ထဲမှာ MNDAA ဟာ သိန္နီ၊ ကွတ်ခိုင်၊ ကွမ်းလုံ၊ လောက်ကိုင် စတဲ့မြို့ ၄ မြို့ကိုသာ အုပ်ချုပ်မှာဖြစ်ပြီး လားရှိုးမြို့ကနေတော့ ဆုတ်ခွာပေးရမယ်လို့ ပြောဆိုထားပါတယ်။

ဒါ့အပြင် တရုတ်နိုင်ငံရဲ့ ထိန်းသိမ်းတာကို ခံခဲ့ရကြောင်း သတင်းတွေ ထွက်ပေါ်နေတဲ့ MNDAA ရဲ့ ဥက္ကဌ ဦးဖုန်တာရွှင်လည်း ကိုးကန့်ဒေသကို ပြီးခဲ့တဲ့ ဇန်နဝါရီ နောက်ဆုံးအပတ်မှာ ပြန်လည်ရောက်ရှိလာပြီလို့ ရွှေဖီမြေရဲ့ သတင်းအရင်းအမြစ်က ပြောပါတယ်။

လားရှိုးမြို့ ပြန်လည်ထူထောင်ရေး တာဝန်ရှိသူကတော့ ကိုးကန့်တပ်အနေနဲ့ လားရှိုးမြို့ကနေ ပြန်ဆုတ်ခွာမယ်ဆိုတဲ့ သတင်းဟာ မမှန်ကန်ဘူးလို့ ရွှေဖီမြေကို ပြောဆိုထားပါတယ်။

လက်ရှိ လားရှိုးမြို့မှာ တရုတ်နှစ်သစ်ကူးပွဲတော်ကို စည်စည်ကားကား ကျင်းပနေပြီး တရုတ်နှစ်သစ်ကူးပွဲကို

၁ လကြာ ကျင်းပသွားမယ်လို့လည်း သိထားရပါတယ်။

လက်ရှိ လားရှိုးမြို့မှာ MNDAA ရဲ့ အုပ်ချုပ်ရေးယန္တရားတွေ ပုံမှန်လည်ပတ်နေပြီး ကိုးကန့်တပ်နဲ့ စစ်ကောင်စီတပ်အကြား အပစ်ရပ်ပြီးနောက်ပိုင်း အရင်ကထက် ပိုစည်ကားလာတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒါ့အပြင် လားရှိုးမြို့ရဲ့ အုပ်ချုပ်ရေး၊ ပညာရေး၊ ကျန်းမာရေးစတဲ့ ကဏ္ဍတွေမှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM တွေမှာ ပါဝင်တဲ့သူတွေနဲ့ နိုင်ငံရေးအကျဥ်းသားဟောင်းတွေလည်း ပါဝင်ကူညီနေပါတယ်။

ဒါကြောင့် လားရှိုးမြို့ကနေ ဆုတ်ခွာရေးနဲ့ ပတ်သက်ပြီး ပြန်လည်ထူထောင်ရေးမှာ ပါဝင်နေတဲ့ စစ်အာဏာရှင် ဆန့်ကျင်သူတွေအတွက် ထည့်သွင်းစဥ်စားပေးဖို့ လိုအပ်တယ်လို့ လားရှိုးပြန်လည်ထူထောင်ရေးမှာ ပါဝင်နေတဲ့ နိုင်ငံရေး အကျဥ်းသူတစ်ဦးက ပြောပါတယ်။

“ပြန်ဆုတ်ခဲ့မယ်ဆိုရင် ကျွန်မတို့အားလုံးက ဘယ်လိုဖြစ်မလဲပေါ့။ စိုးရိမ်နေရတာပဲ။ တောထဲပဲ ပြန်သွားရမလားပေါ့လေ” ဆိုပြီး ပြောပါတယ်။

ဒါ့အပြင် လားရှိုးမြို့သိမ်းတိုက်ပွဲမှာ MNDAA အပြင် နွေဦးတော်လှန်ရေး အင်အားစုတွေလည်း ပါဝင်တာကြောင့် လားရှိုးမြို့ကနေ ဆုတ်ခွာရေးဟာ MNDAA တစ်ဖွဲ့တည်း ဆုံးဖြတ်လို့ မရဘူးလို့ သူမက ထောက်ပြပါတယ်။

“ဆုတ်မယ်ဆိုရင် MNDAA ဆုံးဖြတ်ချက်တစ်ခုတည်းနဲ့တော့ မရပါဘူး။ MNDAA တစ်ဖွဲ့တည်း တိုက်ပြီး လားရှိုးကို သိမ်းထားတာမဟုတ်ပါဘူး။ PDF လည်း ပါတယ်”

ကိုးကန့်တပ်အနေနဲ့ လားရှိုးမြို့ကနေ ဆုတ်ခွာသွားရင် တိုက်ပွဲတွေ ထပ်ဖြစ်မှာကို စိုးရိမ်ကြောင်းနဲ့ နောက်တစ်ကြိမ် စစ်ဒဏ်ခံရမှာကို မလိုလားကြောင်း လားရှိုးဒေသခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

“မဆုတ်စေချင်တာ များတယ်။ စစ်ဒဏ်နောက်တစ်ခေါက် ပြန်ခံရမှာ ကြောက်တယ်။ စကစတွေ ပြန်ဝင်လာရင် နေအိမ်မီးရှို့တာတွေ၊ လူသတ်တာတွေ ပြန်လုပ်မှာ ကြောက်တယ်”

လားရှိုးမြို့ကို ကိုးကန့်တပ်တွေ ပြန်လည်ဆုတ်ခွာမယ့် သတင်းနဲ့ ပတ်သက်ပြီး အသေးစိတ်သိရဖို့ MNDAA ရဲ့ ပြောရေးဆိုခွင့်ရှိသူ လီကျာဝင်းကို စာပို့ဆက်သွယ်ခဲ့ပေမယ့် ပြန်လည်ဖြေကြားတာ မရှိသေးပါဘူး။

စစ်ကောင်စီရဲ့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တည်ရှိရာ လားရှိုးမြို့ကို MNDAA နဲ့ တော်လှန်ရေးအင်အားစုတွေက ၂၀၂၄ ခုနှစ် ဇူလိုင် ၃ ရက်မှာ စတင်တိုက်ခိုက်ခဲ့ရာ သြဂုတ် ၃ ရက်မှာ အပြီးသတ် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပါတယ်။

စစ်ကောင်စီတပ်ဟာ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်ကို လားရှိုးမြို့နဲ့ ကပ်ရက်ရှိနေတဲ့ မိုင်းရယ်မြို့မှာ ပြန်လည် အခြေချထားပါတယ်။

လားရှိုးမြို့ကို စစ်ကောင်စီတပ်ပြန်ရရင် ကိုးကန့်တပ် ထိန်းချုပ်ထားတဲ့ တခြားမြို့တွေနဲ့ တအာင်းတပ်TNLA ထိန်းချုပ်ထားတဲ့ မြို့တွေကို စစ်ကောင်စီတပ်က ထိုးစစ်ဆင်လာနိုင်တာကြောင့် ကိုးကန့်တပ်အနေနဲ့ ၎င်းတို့ ထိန်းချုပ်ထားတဲ့ လားရှိုးမြို့ကို ပြန်ပေးဖို့ မဖြစ်နိုင်ဘူးလို့ စစ်ရေးအကဲခတ်တွေက သုံးသပ်နေကြပါတယ်။

MNDAA ဟာ ၁၀၂၇ စစ်ဆင်ရေးအတွင်း လားရှိုးမြို့အပါအဝင် သိန္နီ၊ ချင်းရွှေဟော်၊ တားမိုးညဲ၊ ပန်ဆိုင်း(ကြူကုတ်)၊ လောက်ကိုင်၊ ကုန်ကြမ်း၊ ကွမ်းလုံမြို့တွေကို တိုက်ခိုက်သိမ်းပိုက်ထားပါတယ်။

MNDAA၊ TNLA နဲ့ AA တို့ရဲ့ ၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းမှာ တရုတ်အစိုးရက ပေါ်ပေါ်တင်တင် ဝင်ရောက်စွက်ဖက်တာ မရှိပေမယ့် စစ်ဆင်ရေး ဒုတိယလှိုင်းမှာတော့ တရုတ်ဘက်က ပေါ်ပေါ်တင်တင် ဝင်ရောက်စွက်ဖက်လာပြီး ညီနောင်မဟာမိတ် ၃ ဖွဲ့ ထိန်းချုပ်ထားတဲ့ မြို့တွေကနေ ပြန်ဆုတ်ပေးဖို့အထိ ဖိအားပေးလာတာ ဖြစ်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Leave a Reply

Your email address will not be published. Required fields are marked *

You May Also Like

စစ်ကောင်စီက ဟန်ပြဖမ်းနေပေမယ့် မိုင်းရယ်က ကျားဖြန်လုပ်ငန်း အကြမ်းဖက်မှုတွေနဲ့ ဆက်လက်ကြီးထွားနေ

ကရင်ပြည်နယ်နဲ့ ထိုင်းနယ်စပ်ရှိ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေမှာ တရုတ်နိုင်ငံက သရုပ်ဆောင် လူကုန်ကူးခံနေရလို့ နိုင်ငံတကာရဲ့ အာရုံစိုက်မှုကို ခံနေရချိန် စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် မိုင်းရယ်မြို့နယ်မှာ ကျားဖြန်လုပ်ငန်းတွေ ဆက်လက်ကြီးထွားနေပါတယ်။

ဝမ်ဟိုင်းအနီးရှိ ကျားဖြန်ရုံက ရိုက်နှက်နှိပ်စက်ခံနေရတဲ့ လူငယ်တွေကို ဆေးကုသပေးခဲ့ရတဲ့ သူနာပြု မနန်းပြောပြတဲ့ ကျားဖြန်ရုံတွေရဲ့ ရက်စက်မှုများ

သူနာပြုပညာတတ်ထားတဲ့ အသက် ၃၀ နှစ်ဝန်းကျင်ရှိ မနန်း(အမည်လွှဲ)တစ်ယောက် ရှမ်းမြောက် တန်ယန်းမြို့မှာ သူနာပြုအလုပ်ခေါ်စာ အွန်လိုင်းစာမျက်နှာပေါ်ကနေ တွေ့ခဲ့ပြီး အလုပ်ခေါ်စာထဲမှာပါတဲ့ ဖုန်းနံပါတ်ကို ဆက်ပြီး သူနာပြုအလုပ်လုပ်ဖို့ လျှောက်ခဲ့ပါတယ်။

ကူမင်း ဆွေးနွေးပွဲမှာ အရပ်သားတွေကို ပစ်မှတ်ထားနေတဲ့ လေကြောင်း တိုက်ခိုက်မှုတွေ ရပ်တန့်ပေးနိုင်မလား

တရုတ်နိုင်ငံက စီစဉ်ပေးတဲ့ စစ်ကောင်စီနဲ့ တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော်-PSLF/TNLA တို့ တွေ့ဆုံမယ့် ကူမင်း ဆွေးနွေးပွဲမှာ ဒေသခံလူထုတွေ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေကို ကျော်လွှားနိုင်ဖို့ အဖြေရှာသွားမယ်လို့ PSLF/TNLA ရဲ့ ပြောခွင့်ရသူ လွေးယေဦးက ရွှေဖီမြေကို ပြောပါတယ်။

ရလဒ်မထွက်တဲ့ ဆွေးနွေးပွဲနဲ့ သတိထားရမယ့် စစ်ကောင်စီရဲ့ လေကြောင်းအန္တရာယ်

By မိုင်းရူပ၊ ရွှေဖီမြေ တရုတ်နိုင်ငံရဲ့ ကြားဝင်စေ့စပ်မှုနဲ့ တရုတ်နိုင်ငံ ကူမင်းမြို့မှာ စစ်ကောင်စီနဲ့ တအာင်းတပ်မတော်-PSLF/TNLA ရဲ့ကိုယ်စားလှယ်တွေရဲ့ တွေ့ဆုံမှုဟာ ရလဒ်မထွက်ဘဲ…