ရွှေဖီမြေ၊ ဖေဖော်ဝါရီ ၃ ရက်၊ မိုင်းကိုင်
ရှမ်းတောင် မိုင်းကိုင်မြို့နယ်မှာ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ- RCSS ထောင်ထားတဲ့မိုင်း နင်းမိတာကြောင့် ဒေသခံတစ်ဦး သေဆုံးခဲ့တယ်လို့ ရှမ်းပြည်တိုးတက်ရေးပါတီ- SSPP က ဒီနေ့ ဖေဖော်ဝါရီ ၃ ရက်မှာ ထုတ်ပြန်လာပါတယ်။
ဖေဖော်ဝါရီ ၁ ရက် နေ့လယ် ၁၂ နာရီခွဲမှာ မိုင်းကိုင်မြို့နယ် ဖခေါဝ်နဲ့ ပန်ဝတ်ရွာကြားမှာ ဒေသခံတစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့တယ်လို့ ဖော်ပြထားပါတယ်။
မိုင်းနင်းပြီး သေဆုံးသွားသူဟာ အသက် ၅၀ ဝန်းကျင်ရှိတဲ့ ဦးအဆာဖြစ်ပြီး ပန်ဝတ်ရွာသူကြီးလည်း ဖြစ်တယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၄ စက်တင်ဘာ ၂၁ ရက်ကလည်း RCSS ရဲ့ မိုင်းဆွဲတိုက်ခိုက်မှုကြောင့် မိုင်းနောင်မြို့နယ် ဝမ်စိမ်းရွာက ဒေသခံ ၁ ဦး သေဆုံးပြီး ၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အခုလို ဖော်ပြတာကို RCSS ဘက်က ပြန်လည် ထုတ်ပြန်ထားတာမျိုး မရှိသေးပါဘူး။
ရှမ်းတောင်မှာ SSPP နဲ့ RCSS တို့ အပြန်အလှန် မိုင်းဆွဲတိုက်ခိုက်မှု ရှိနေပြီး တိုက်ပွဲလည်း မကြာခဏ ဖြစ်ပွားနေပါတယ်။