မိုင်းရူပ၊ ဖေဖော်ဝါရီ ၃ ရက်၊ ဘီးလင်း
ကရင်အမျိုးသားအစည်းအရုံး- KNU/KNLA ရဲ့ တပ်မဟာ(၁)နယ်မြေဖြစ်တဲ့ မွန်ပြည်နယ် ဘီးလင်းမြို့နယ်ရှိ စစ်ကောင်စီရဲ့ မဲပလီဗျူဟာစခန်းကို KNLA, ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်- BPLA နဲ့ ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ BPLA ရဲ့ ပြန်ကြားရေးတာဝန်ခံ ကိုလင်းလင်းက ရွှေဖီမြေကို ပြောပါတယ်။
စစ်ကောင်စီရဲ့ မဲပလီဗျူဟာစခန်းကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်မှာ BPLA နဲ့ ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး တပ်ရင်းမှူးအဆင့်ရှိသူအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၉ ဦးကိုလည်း အရှင်ဖမ်းမိနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
ဖမ်းဆီးရမိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို KNU ရဲ့ တပ်မဟာ(၁)မှာ စစ်သုံ့ပန်းဥပဒေနဲ့အညီ ထိန်းသိမ်းထားတယ်လို့ BPLA ရဲ့ ပြန်ကြားရေးတာဝန်ခံ ကိုလင်းလင်းက ရွှေဖီမြေကို ပြောပါတယ်။
“စစ်သုံ့ပန်းတွေကိုတော့ ကျနော်တို့နဲ့ မဟာမိတ်တွေရဲ့ စစ်သုံ့ပန်းမူဝါဒနဲ့အညီ စနစ်တကျ ဆေးကုသမှုပေးပြီး ထိန်းသိမ်းစောင့်ရှောက်ထားပါတယ်”
ဒါ့အပြင် တိုက်ပွဲအတွင်း စစ်ကောင်စီရဲ့ ဟောင်ဝှစ်ဇာလက်နက်အပါအဝင် လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။
ဒီတိုက်ခိုက်မှုကို KNLA နဲ့ BPLA အပြင် ပြည်သူ့ကာကွယ်ရေးတပ်- PDF နဲ့ Force for Federal Democracy- FFD တို့လည်း ပါဝင်တိုက်ခိုက်ခဲ့ပါတယ်။
စစ်တပ်ဘက်ကတော့ မဲပလီဗျူဟာစခန်း လက်လွှတ်ခဲ့ရတာနဲ့ ပတ်သက်ပြီး တစ်စုံတစ်ရာ သတင်းထုတ်ပြန်ထားတာ မရှိသေးပါဘူး။