By သူရ၊ ရွှေဖီမြေ
စစ်ကောင်စီရဲ့ ရက် ၁၀၀ ငြိမ်းချမ်းရေးဖိတ်ခေါ်မှုအတွင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ တစ်ဖွဲ့ပြီးတစ်ဖွဲ့ တွေ့ဆုံဆွေးနွေးနေကြပေမယ့် စစ်တပ်နဲ့ အပစ်ရပ်ထားတဲ့ ကိုးကန့်တပ်မတော် MNDAA ကတော့ အဲဒီတွေ့ဆုံပွဲတွေထဲ ပါဝင်လာခြင်း မရှိသေးပါဘူး။
အထူးသဖြင့် တရုတ်နိုင်ငံရဲ့ ကြားဝင်စေ့စပ်မှုနဲ့ စစ်ကောင်စီနဲ့ အပစ်အခတ်ရပ်စဲထားတဲ့ MNDAA ဟာ တခြားအဖွဲ့တွေလို နေပြည်တော်ကို သွားရောက်တွေ့ဆုံဖို့ မဖြစ်လာသေးတာဟာ နယ်မြေထိန်းချုပ်မှုနဲ့ မပြေလည်သေးတာ ဖြစ်နိုင်တယ်လို့ လေ့လာသူတွေက သုံးသပ်နေကြပါတယ်။
ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးညှိနှိုင်းမှုကော်မတီ FPNCC အဖွဲ့ဝင် ၇ ဖွဲ့ထဲမှာ တအာင်းတပ်မတော် TNLA၊ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP၊ “ဝ”ပြည် သွေးစည်းညီညွတ်ရေးတပ်မတော် UWSA နဲ့ မိုင်းလားတပ် NDAA တို့က စစ်ကောင်စီနဲ့ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။
စစ်ကောင်စီနဲ့ တွေ့ဆုံနေတဲ့ အဖွဲ့တွေအနေနဲ့ အဆင့်မြှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်နဲ့ ပြည်နယ်သတ်မှတ်ပေးဖို့ တောင်းဆိုခဲ့ကြပြီး စစ်ကောင်စီကတော့ ၂၀၀၈ ဖွဲ့စည်းပုံအတိုင်းသာ ဆောင်ရွက်ဖို့ တုံ့ပြန်ခဲ့ပါတယ်။
FPNCC အဖွဲ့ဝင် အာရက္ခတပ်တော်- AA နဲ့ ကချင်လွတ်လပ်ရေးတပ်မတော်- KIA တို့ကတော့ စစ်ကောင်စီနဲ့ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်တာကြောင့် ဆွေးနွေးပွဲတွေထဲ မပါဝင်သေးပါဘူး။
ဒီအခြေအနေထဲမှာ MNDAA ရဲ့ အနေအထားကတော့ တခြား FPNCC အဖွဲ့တွေနဲ့ ကွာခြားနေပါတယ်။
တရုတ်နိုင်ငံရဲ့ ကြားဝင်မှုနဲ့ စစ်ကောင်စီနဲ့ MNDAA တို့ကြား အပစ်အခတ်ရပ်စဲထားပြီးနောက် နှစ်ဖက်ကိုယ်စားလှယ်တွေဟာ လားရှိုးမြို့မှာ ပုံမှန်တွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်နေကြတာလည်း တွေ့ရပါတယ်။

ဒါပေမယ့် အဲဒီဆွေးနွေးမှုတွေက နေပြည်တော်မှာ ပြုလုပ်တဲ့ နိုင်ငံရေးဆွေးနွေးပွဲအဆင့်ကို မရောက်သေးပါဘူး။
MNDAA နဲ့ နီးစပ်တဲ့ သတင်းအရင်းအမြစ်တစ်ဦးက လက်ရှိမှာ နယ်မြေကိစ္စတွေကြောင့် ကိုးကန့်တပ်က နေပြည်တော်ကို သွားရောက်တွေ့ဆုံဖို့ မရှိသေးဘူးလို့ ရွှေဖီမြေကို ပြောပါတယ်။
“စကစဘက်က ကွတ်ခိုင်နဲ့ သိန္နီကို အတင်းပြန်တောင်းနေတယ်။ နေပြည်တော်ကို သွားဖို့တော့ မဖြစ်သေးဘူး”
ပြီးခဲ့တဲ့ ဩဂုတ်လကုန်မှာလည်း စစ်ကောင်စီနဲ့ ကိုးကန့်တပ်တို့အကြား လားရှိုးမှာ ထပ်မံတွေ့ဆုံခဲ့ပြီးနောက် ဩဂုတ် ၃၀ ရက်မှာ ကိုးကန့်တပ်ဘက်က ဖမ်းဆီးထားတဲ့ စစ်သုံ့ပန်း ၁၀၀ ကျော်ကို ပြန်လွှတ်ပေးခဲ့ပါတယ်။
နယ်စပ်ကုန်သွယ်ရေးအတွက် အရေးပါတဲ့ လားရှိုး-မူဆယ်လမ်းမကြီးကို ကိုးကန့်တပ်က ထိန်းချုပ်ထားပါတယ်။
MNDAA ဟာ ၂၀၂၃ ခုနှစ် အောက်တိုဘာလမှာ စတင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးအတွင်း ရှမ်းမြောက်ဒေသက နယ်မြေအများအပြားကို သိမ်းပိုက်နိုင်ခဲ့ပြီး ၂၀၂၄ ခုနှစ်အတွင်း လားရှိုးမြို့နဲ့ စစ်ကောင်စီရဲ့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကိုပါ ထိန်းချုပ်နိုင်ခဲ့ပါတယ်။

ဒါပေမယ့် တရုတ်နိုင်ငံရဲ့ ကြားဝင်စေ့စပ်မှုနဲ့ ၂၀၂၅ ခုနှစ် ဇန်နဝါရီလမှာ စစ်ကောင်စီနဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီခဲ့ပြီးနောက် လားရှိုးမြို့ကို စစ်ကောင်စီထံ ပြန်လည်လွှဲပြောင်းပေးခဲ့ပါတယ်။
လက်ရှိမှာ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းရှိ လောက်ကိုင်နဲ့ ကုန်ကြမ်းအပြင် ရှမ်းမြောက် သိန္နီ၊ ကွတ်ခိုင်၊ ပန်ဆိုင်း (ကြူကုတ်)၊ တားမိုးညဲ၊ ကွမ်းလုံ စတဲ့ မြို့နယ်တွေကိုပါ ကိုးကန့်တပ်က ထိန်းချုပ်ထားပါတယ်။
တရုတ်-မြန်မာနယ်စပ်ကုန်သွယ်ရေးအတွက် အရေးပါတဲ့ ချင်းရွှေဟော်နယ်စပ်ဂိတ်နဲ့ ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်ကိုလည်း MNDAA ပါဝင်တဲ့ ညီနောင်မဟာမိတ်တပ်ဖွဲ့တွေက ထိန်းချုပ်ထားပါတယ်။
အထူးသဖြင့် ၂၀၂၆ ခုနှစ် မတ်လအတွင်း MNDAA နဲ့ TNLA တို့ကြား နယ်မြေအငြင်းပွားမှု ပြင်းထန်လာပြီးနောက် MNDAA က ကွတ်ခိုင်မြို့ကို တအာင်းတပ်ထံကနေ တိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။
ကွတ်ခိုင်ဟာ လားရှိုးနဲ့ မူဆယ်ကြားရှိ တရုတ်-မြန်မာကုန်သွယ်ရေးလမ်းကြောင်းပေါ်က မဟာဗျူဟာအရ အရေးပါတဲ့မြို့ဖြစ်ပါတယ်။
စစ်ရေးနဲ့ နိုင်ငံရေးကို လေ့လာသုံးသပ်နေတဲ့ CDM ဗိုလ်ကြီးဇင်ယော်ကလည်း စစ်ကောင်စီဘက်က နယ်မြေခွဲဝေမှုနဲ့ ပတ်သက်ပြီး သဘောတူညီချက်တစ်စုံတစ်ရာ ရရှိလာမှသာ MNDAA နဲ့ နေပြည်တော်မှာ ထပ်မံတွေ့ဆုံနိုင်မယ့် အခြေအနေရှိတယ်လို့ သုံးသပ်ပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ ဩဂုတ်လကုန်က စစ်ကောင်စီနဲ့ ကိုးကန့်တပ်တို့အကြား လားရှိုးမြို့တွေ့ဆုံမှုမှာ နှစ်ဖက်ကိုယ်စားလှယ်တွေရဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေ တက်ရောက်ခဲ့တယ်လို့ ဗိုလ်ကြီးဇင်ယော်က သူသိထားတဲ့ အချက်အလက်တွေကို ပြောပြပါတယ်။
ဗိုလ်ကြီးဇင်ယော်က “စစ်တပ်ဘက်က သိန္နီနဲ့ ကွတ်ခိုင် ၂ မြို့လုံးကို သူတို့ကို ပြန်အပ်ပြီးခါမှ စကားပြောမယ့် ပုံစံမျိုးကို ကိုးကန့်ဘက်က မလိုက်နိုင်တာလို့ သိရတာပေါ့နော်” ဆိုပြီး ပြောပါတယ်။
လက်ရှိ ရှမ်းမြောက်ဒေသအများစုမှာ စစ်ကောင်စီနဲ့ MNDAA ကြား အပစ်ရပ်ထားတာ ၂ နှစ်ဝန်းကျင် ရှိလာပါပြီ။
ဒါပေမဲ့ ပြီးခဲ့တဲ့ ဩဂုတ် ၁၄ ရက်မှာ ကွတ်ခိုင်မြို့နယ် တီးမကျေးရွာအနီး MNDAA နဲ့ KIA တို့ လှုပ်ရှားတဲ့ဒေသကို စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေက ပြောပါတယ်။
အလားတူ လားရှိုးဒေသခံတွေကလည်း ဒီရက်ပိုင်းအတွင်း မြို့ပေါ်မှာ စစ်ကောင်စီတပ်ရဲ့ ကင်းထောက်လေယာဉ်တွေ တွေ့နေရတယ်လို့ ပြောပါတယ်။
“လမ်းတွေမှာတော့ ပုံမှန်ပဲ။ ဒါပေမဲ့ ဒီရက်ပိုင်း လေယာဉ်တွေ အရမ်းဝဲနေတယ်။ နှစ်ရက်ရှိပြီ” လို့ လားရှိုးမြို့ခံတစ်ဦးက ပြောပါတယ်။
တစ်ဖက်မှာလည်း တရုတ်နိုင်ငံက ကြားဝင်ထားတာကြောင့် ရှမ်းမြောက်မှာ စစ်ကောင်စီနဲ့ MNDAA ကြား တိုက်ပွဲကြီးတွေ ပြန်လည်ဖြစ်ပွားနိုင်ခြေ နည်းနေသေးတယ်လို့ ဗိုလ်ကြီးဇင်ယော်က သုံးသပ်ပါတယ်။
၁၀၂၇ စစ်ဆင်ရေးအလွန် ရှမ်းမြောက် အခြေအနေ
ရှမ်းမြောက်မှာ ၁၀၂၇ စစ်ဆင်ရေးကို ဦးဆောင်ခဲ့တဲ့ တအာင်းတပ်နဲ့ ကိုးကန့်တပ်တို့ဟာ ၎င်းတို့ ထိန်းချုပ်နယ်မြေတွေကို ကိုယ်ပိုင်စီမံပြီး စစ်တပ်ရဲ့ အာဏာစက် မရှိတော့ပါဘူး။
တရုတ်နိုင်ငံရဲ့ ကြားဝင်စေ့စပ်မှုကြောင့် စစ်ကောင်စီနဲ့ အပစ်ရပ်ပြီးနောက် လေကြောင်းတိုက်ခိုက်မှုတွေ သိသိသာသာ လျော့နည်းလာပါတယ်။
ဒါပေမဲ့ ထိန်းချုပ်နယ်မြေတွေကို အသိအမှတ်ပြုပေးဖို့ စစ်ကောင်စီတပ်ထံ တောင်းဆိုနေကြတာဟာ နွေဦးတော်လှန်ရေးအင်အားစုတွေကတော့ တော်လှန်ရေးအပေါ် သစ္စာဖောက်ရာကျတယ်ဆိုပြီး ဝေဖန်နေကြပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။