ဝတ်ရည်၊ ဩဂုတ် ၂၅ ရက်၊ ဖားကန့်
ကချင်ပြည်နယ် ဖားကန့်မြို့နယ်ထဲ သတ်ဖြတ်ခံထားရတဲ့ ရုပ်အလောင်း ၂၅ လောင်းကို ဒေသခံတွေ တူးဖော်တွေ့ရှိခဲ့တယ်လို့ ဒေသခံ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
ဖားကန့်မြို့နယ် မှော်ဝမ်းလေးရွာက ဒေသခံတွေ မနေ့ ဩဂုတ် ၂၄ ရက်မှာ နေအိမ်ခြံဝင်း ရှင်းလင်းရေး ပြုလုပ်နေချိန် မြေမြှုပ်ထားတဲ့ ရုပ်အလောင်း တွေ့ရှိခဲ့တာလို့ ဆိုပါတယ်။
“အရင်က စစ်ရှောင်ကြတာပါ။ အခုမှ ကျေးရွာထဲကို ပြန်နေကြဖို့ စစ်တပ်ဘက်က ပြန်ခေါ်တာမျိုးပေါ့။ ရှင်းနေရာကနေ အလောင်းတွေ အစုလိုက် အပြုံလိုက် မြှုပ်ထားတာ တွေ့ကြတာပါ။ အလောင်းတွေက မိန်းကလေးကော ယောက်ျးလေးကော အကုန်ပါတယ်။ မှော်ဝမ်းလေးက ရွာခံတွေလည်း ပါတယ်လို့ သိရတယ်။ စစ်တပ်တွေနေတဲ့နေရာပါ သူတို့ သတ်ဖြတ်ထားတဲ့ ဒေသခံတွေပါ”

ရုပ်အလောင်းတွေ တွေ့ရှိခဲ့တဲ့နေရာဟာ စစ်တပ်နဲ့ ၎င်းရဲ့ လက်အောက်ခံ တပ်ဖွဲ့တွေ အထိုင်ချ တပ်စွဲခဲ့တဲ့ကျေးရွာ ဖြစ်ပါတယ်။
ဒီအလောင်းတွေဟာ စစ်တပ်၊ ဝါရာဇွပ် ပြည်သူ့စစ်နဲ့ ရှမ်းနီအမျိုးသားများတပ်မတော်- SNA တို့ သတ်ဖြတ်ထားတဲ့ ရုပ်အလောင်းတွေလို့ ဒေသခံတွေ ပြောဆိုနေပေမဲ့ ရွှေဖီမြေအနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။

~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။